
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကြီးရွာမှာ နိုဝင်ဘာ ၁၃ ရက် မနက်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူ ၂ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒီနေ့မနက် ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ပိုင် ကာစီနိုရုံတခုပေါ်ကို ကျရောက် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်ကြောင့် DKBA တပ်ဖွဲ့ဝင် ၉ ယောက် ထိခိုက်ခဲ့ပြီး အဲဒီထဲက ၂ ယောက် အသက်ဆုံးရှုံးခဲ့ကာ ကျန် ၇ ယောက်ကိုတော့ ဆေးကုသမှုပေးနိုင်ဖို့ သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေဆီ ပို့ဆောင်ထားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒီဖြစ်စဉ်ဟာ မြဝတီမြို့တောင်ဘက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ ဖြစ်ပွားခဲ့တာပါ။
တချိန်တည်းမှာပဲ စစ်ကောင်စီတပ်ဖွဲ့တွေဟာ အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတွေ လုပ်ကိုင်ရာ KK Park ထဲက အဆောက်အအုံတွေကို မိုင်းတွေသုံးပြီး ဆက်လက် ဖောက်ခွဲဖျက်ဆီးနေတယ်လို့လည်း သိရပါတယ်။
နိုဝင်ဘာ ၁၂ ရက် ညနေ ၄ နာရီကျော်ကလည်း အဆောက်အအုံတွေကို မိုင်းနဲ့ ထပ်မံ ဖောက်ခွဲ ခဲ့ပါတယ်။


