
မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အာဏာသိမ်း စစ်တပ်ကပြုလုပ်မယ့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ ပါဝင်နေတဲ့ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တယောက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဖမ်းဆီးလိုက်ပါတယ်။
ဖမ်းဆီးခံရသူဟာ တရားလွှတ်တော်ရှေ့နေ ဦးသက်ဝေ ဖြစ်ပြီး စစ်အုပ်စုရဲ့ ရွေးကောက်ပွဲမှာ ဦးဆောင်ပါဝင်နေတယ်လို့ ပြည်သူတွေရဲ့ သတင်းပေးပို့မှုအရ ဖမ်းဆီးခဲ့တာလို့ NUG က နိုဝင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ဦးသက်ဝေကို အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေနဲ့အညီ အရေးယူအပြစ်ပေးနိုင်ဖို့ စလင်းမြို့နယ် တရားရေးအဖွဲ့က တရားရေးရာ လုပ်ထုံးလုပ်နည်းအတိုင်း စီစဉ်ဆောင်ရွက်နေတယ်လို့လည်း NUG က ဆိုပါတယ်။
စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်တာမပြုဖို့ဆိုပြီး NUG က ဩဂုတ် ၂၄ ရက်က ထုတ်ပြန်ထားသလို ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကလည်း နိုဝင်ဘာ ၆ ရက်က ရွေးကောက်ပွဲအတွက် အတင်းအကျပ် မဲပေးခိုင်းစေသူတွေကို တိုင်ကြားနိုင်ဖို့ အသိပေးထုတ်ပြန်ထားပါတယ်။


