ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုဟာ တရားဝင်ခရီးစဉ်အဖြစ် နိုဝင်ဘာ ၂၇ ရက်မှာ နေပြည်တော်ကို ရောက်ရှိလာပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။
ဥရောပက ကုန်းတွင်းပိတ် အာဏာရှင်နိုင်ငံလို့တင်စားကြတဲ့ ဘယ်လာရုစ်နိုင်ငံရဲ့ သမ္မတအလက်ဇန္ဒားလူကာရှန်ကိုဟာ မြန်မာစစ်ခေါင်းဆောင်ရဲ့ ဖိတ်ကြားချက်အရ နေပြည်တော်ကို ရောက်ရှိလာတာဖြစ်ပြီး နေပြည်တော်လေဆိပ်မှာ စစ်ကောင်စီခန့် ဝန်ကြီးချုပ် ညိုစောနဲ့အဖွဲ့က ကြိုဆိုခဲ့ကြပါတယ်။
ဒီခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာဖူလုံရေး၊ စက်မှုလုပ်ငန်းနဲ့ ဆေးဝါးထုတ်လုပ်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကို အဓိကထား ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ဒီနှစ် မတ်လနဲ့ ဇွန်လအတွင်းက သဘောတူညီချက်တွေရဲ့ တိုးတက်မှုကိုလည်း ပြန်လည်သုံးသပ်ကြမှာ ဖြစ်တယ်လို့ ဘယ်လာရုစ်သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။
ဒါဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကို နိုင်ငံတော်အဆင့်ခေါင်းဆောင်ပိုင်း လာရောက်တာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၂၂ ခုနှစ်တုန်းကတော့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟွန်ဆန် လာရောက်ခဲ့ဖူးပါတယ်။
လူကာရှန်ကိုရဲ့အခုခရီးစဉ်မှာ စီးပွားရေးဆိုင်ရာ ပူးပေါင်းရေးစာချုပ်တွေ ချုပ်ဆိုဖို့ရှိတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေကပြောသလို စစ်လက်နက်ပစ္စည်းဝယ်ယူရေးကိစ္စအပြင် နိုင်ငံရေးအရ တရားဝင်မှုရရှိရေး အဓိက ရည်ရွယ်တာလို့ လေ့လာသူတွေကလည်း သုံးသပ်ကြပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP MYANMAR) အဖွဲ့ရဲ့ ပြင်ပဆက်ဆံဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းကတော့ ဒီခရီးစဉ်ဟာ နှစ်ဦးနှစ်ဖက်အကျိုးစီးပွားကို ရှာဖွေတာဖြစ်တဲ့အကြောင်း ‘သူတော်အချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့’ ဆိုတဲ့ မြန်မာစကားပုံနဲ့ ဥပမာပေး ပြောပါတယ်။
ဦးအောင်သူငြိမ်းက “သူတော်ချင်းသတင်းလွေ့လွေ့ ဆိုတဲ့ပုံစံ ပိုဆန်ပါတယ်။ အဲတော့ မြန်မာနိုင်ငံဘက်ကကျတော့ ကျနော်ထင်တယ်၊ လိုချင်တာဘာလဲဆိုတော့၊ သူတို့ သဘောတူညီချက်တွေလည်း ရှိပါတယ်။ ဘယ်လာရုစ်ကနေပြီးတော့ ကျနော်တို့လိုချင်တာက စိုက်ပျိုးရေး ပစ္စည်းနည်းပညာ၊ ဆေးဝါးပစ္စည်းတွေလိုချင်တယ်။ ဒါတွေရှိပါတယ်။ နောက်တခါကျတော့ သူကရုရှားနဲ့ လက်နက်စနစ်တူညီတာပေါ့ဗျာ။ အဲတော့မြန်မာပြည်မှာရှိတဲ့ လေယာဉ်တွေ ရဟတ်ယာဉ်တွေ စစ်ပစ္စည်းတွေ၊ အဲတာတွေရဲ့အပိုပစ္စည်းတွေက ဘယ်လာရုစ်ကနေပြီးဈေးပေါပေါနဲ့ရနိုင်တယ်ပေါ့နော်။ ဒီအချက်တွေ လိုချင်တယ်လို့ ယူဆပါတယ်” လို့ ပြောပါတယ်။
ဒီခရီးစဉ်ဟာ လူကာရှန်ကိုအတွက် ပထမဆုံးအကြိမ် မြန်မာပြည်ကိုလာတဲ့ ခရီးစဉ်ဖြစ်ပေမဲ့ မြန်မာစစ်ခေါင်းဆောင်ကတော့ ၂၀၂၅ ခုနှစ်၊ မတ်လနဲ့ ဇွန်လတွေမှာ ဘယ်လာရုစ်နိုင်ငံကို ၂ ကြိမ်သွားရောက်ခဲ့ဖူးပါတယ်။
အဲဒီခရီးစဉ်ထဲ စစ်ခေါင်းဆောင်က ဒီဇင်ဘာမှာရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာခဲ့ဖူးတာကြောင့် ဘယ်လာရုစ်က မြန်မာစစ်တပ်ရွေးကောက်ပွဲဆီ စောင့်ကြည့်လေ့လာသူတွေစေလွှတ်နိုင်ခြေရှိတဲ့အကြောင်း ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။
ဘယ်လာရုစ်ဟာ မြန်မာစစ်တပ်အတွက်အရေးပါတဲ့ စစ်လက်နက်ရောင်းချသူနဲ့ လေ့ကျင့်သင်ကြားသူ နိုင်ငံဖြစ်တဲ့အပြင် ကုလသမဂ္ဂမှာလည်း နိုင်ငံရေးအရ ထောက်ခံမှုပေးတဲ့နိုင်ငံ ဖြစ်တဲ့အကြောင်း Justice For Myanmar အဖွဲ့ရဲ့ ပြောခွင့်ရသူ မရတနာမောင်ကပြောပါတယ်။
“အခုခရီးစဉ်ကလည်း အဆိုပါဆက်ဆံရေးတွေကိုပိုမိုခိုင်မာစေမှာဖြစ်ပြီး၊ ခရီးစဉ်အတွင်း အခွန်နဲ့ အကောက်ခွန်ဆိုင်ရာသဘောတူညီချက်တွေကနေ ခရိုနီတွေကို စီးပွားရေးလုပ်ငန်းတွေ ပိုမိုဆက်နွှယ်လုပ်ဆောင်လာစေဖို့ သွေးဆောင်နိုင်မယ့် အစီအစဉ်တွေလည်းပါဝင်ပါတယ်။ လူကာရှန်ကိုအစိုးရက မြန်မာပြည်သူတွေငြင်းပယ်ထားတဲ့ စစ်အုပ်စုရဲ့အတုအယောင် ရွေးကောက်ပွဲကို ပံ့ပိုးကူညီဖို့ စောင့်ကြည့်လေ့လာသူတွေကိုလည်း စေလွှတ်သွားလိမ့်မယ်လို့ မှန်းဆရပါတယ်။ အဆိုပါဆက်ဆံရေးကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကျော်ခွ ရှောင်တိမ်းနေနိုင်ပြီး၊ နိုင်ငံတကာဥပဒေကို ထိခိုက်စေပါတယ်။ အစိုးရတွေအနေနဲ့ နောက်ထပ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့တုံ့ပြန်ရမှာဖြစ်ပြီး၊ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ကန့်ကွက်ဆန့်ကျင်ရမှာ ဖြစ်ပါတယ်။"
ဒါအပြင် ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုဟာ နိုဝင်ဘာ ၂၅ ရက်မှာ မြန်မာနဲ့ ဘယ်လာရုစ်နိုင်ငံ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့သဘောတူထားတဲ့ စာချုပ်မူကြမ်း ၃ ခုကို လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။
အဲဒီ ၃ ခုကတော့ ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ သဘောတူစာချုပ်မူကြမ်း၊ အကောက်ခွန်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်မူကြမ်းနဲ့ နှစ်နိုင်ငံအကြား အခွန်နှစ်ထပ်ကျသင့်မှုကနေ ရှောင်ရှားရေး သဘောတူစာချုပ်မူကြမ်းတို့ဖြစ်ကြောင်း ဘယ်လာရုစ်သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။
ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုဟာ နိုဝင်ဘာ ၂၆ ရက်မှာ ကာဇက်စတန်နိုင်ငံကို အလုပ်သဘောခရီးစဉ် စတင် သွားရောက်မှာဖြစ်ပြီး အဲဒီနောက် အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကက နိုင်ငံတွေကို ပြည်ပခရီးစဉ်အဖြစ် ဆက်လက်သွားရောက်မှာဖြစ်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စိုးသူအောင်














