
ဘယ်လာရုစ် အာဏာရှင် သမ္မတ လူကာရှန်ကိုရဲ့ မြန်မာပြည်ကိုလာရောက်မယ့် ခရီးစဉ်နဲ့ပတ်သက်ပြီး နေပြည်တော်မှာ စစ်တပ်က လုံခြုံရေးအင်အားတွေ တိုးမြှင့်ပြီး မြို့အဝင်အထွက်တွေကို တင်းကျပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုဟာ စစ်ခေါင်းဆောင်ရဲ့ ဖိတ်ကြားမှုအရ အခုရက်ပိုင်းအတွင်း နေပြည်တော်ကို လာဖို့ရှိနေပြီး လုံခြုံရေးအရ သတင်းအတိအကျတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
ဒါပေမဲ့လည်း လူကာရှန်ကိုရဲ့ ခရီးစဉ်အတွက် နေပြည်တော်ပတ်လည်မှာ လုံခြုံရေးတွေ တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
ဘယ်လာရုစ်နိုင်ငံဟာ စစ်တပ်နဲ့ ထိတွေ့ ဆက်ဆံရေးရှိတဲ့ နိုင်ငံအနည်းငယ်ထဲကတခုဖြစ်ပြီး စစ်ခေါင်းဆောင်ရဲ့ ရုရှားနိုင်ငံခရီးစဉ်အတွင်းမှာလည်း ဘယ်လာရုစ်နိုင်ငံကိုသ သွားရောက်ခဲ့ပါသေးတယ်။
လူကာရှန်ကိုရဲ့ အခုခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းအပြီး အရှေ့ဥရောပက ကုန်းတွင်းပိတ် အာဏာရှင် နိုင်ငံတနိုင်ငံငယ်လေးတနိုင်ငံက ခေါင်းဆောင် တယောက် ပထမဆုံးအကြိမ်အဖြစ် လာရောက်လည်ပတ်မှုလည်း ဖြစ်ပါတယ်။


