Home
မြန်မာသတင်း
နေပြည်တော် တပ်ကုန်းရှိ စစ်တပ်၏ လုံခြုံရေးကင်းစခန်းကို PLA ဝင်စီး
DVB
·
November 14, 2025

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိခရိုင်၊ တပ်ကုန်းမြို့နယ်ရှိ  စစ်တပ်ရဲ့ လုံခြုံရေးစခန်းတခုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဝင်ရောက်စီးနင်းခဲ့ပြီး ခဲယမ်းတချို့၊ ငွေသားတချို့နဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဒီကနေ့ နိုဝင်ဘာ ၁၄ ရက်မှာ PLA က ထုတ်ပြန်ပါတယ်။

ရတနာမြေအခြေပြု လုံခြုံရေးကင်းစခန်းကို PLA က နိုဝင်ဘာ ၁၂ ရက်မှာ ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပြီး အဲဒီစခန်းဟာ စစ်ကောင်စီတပ်တွေ ၂ နှစ်ဝန်းကျင် တပ်စွဲထားတဲ့စခန်း ဖြစ်ပါတယ်။

ရမည်းသင်းမြို့နယ်က စစ်ကြောင်း၊ နေပြည်တော်နယ် အမြန်လမ်းက စစ်ကြောင်းနဲ့ အခြေပြုစခန်း ၂ ခုက စစ်ကြောင်း စုစုပေါင်း စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကောင်စီတပ်က နယ်မြေစိုးမိုးရေး စစ်ကြောင်းထိုးနေတုန်းမှာပဲ အခုလို PLA က ဝင်ရောက်စီးနင်းခဲ့တာလို့ သိရပါတယ်။

အခုလို ဝင်ရောက်စီးနင်းချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အဲဒီ လုံခြုံရေးကင်းစခန်းကို ရှင်းလင်းရေးတွေ ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်မှာတော့ စခန်းတခုလုံးကို ဒုတိယအကြိမ် ထပ်ရှင်းလင်းခဲ့ကာ ခဲယမ်းတချို့၊ ငွေသားတချို့နဲ့ စစ်အသုံးအဆောင် ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း PLA က ဆိုပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်း ၂ ခုဟာ ရတနာမြေအခြေပြု လုံခြုံရေးစခန်းရဲ့ အနီးကပ်ရွာ ၂ ရွာမှာ စစ်ကြောင်းထိုင်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

တပ်ကုန်းမြို့နယ်ရှိ စစ်တပ်ရဲ့ လုံခြုံရေးစခန်းကို တော်လှန်ရေးတပ်ဖွဲ့က ဝင်စီးနင်းခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013