
နိုင်ဂျီးရီးယားနိုင်ငံအနောက်မြောက်ပိုင်း၊ ကက်ဘီပြည်နယ်မှာ ပြီးခဲ့တဲ့သီတင်းပတ်က အစိုးရဘော်ဒါကျောင်းကနေ ပြန်ပေးဆွဲခံခဲ့ရတဲ့ မိန်းကလေး ၂၄ ယောက် ပြန်လွတ်လာပြီလို့ ကက်ဘီပြည်နယ် အုပ်ချုပ်ရေးမှူးရုံးက နိုဝင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။
ကက်ဘီပြည်နယ်မှာ စစ်တပ်တပ်ဖွဲ့တွေ ထွက်ခွာသွားပြီးနောက် နိုဝင်ဘာ ၁၇ ရက်မှာ လက်နက်ကိုင်တွေဟာ ကက်ဘီပြည်နယ်ရှိ စာသင်ကျောင်းကို ဝင်ရောက်စီးနင်းခဲ့ပြီး မိန်းကလေးတွေကို ဖမ်းဆီးသွားခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် ကွာရာပြည်နယ်နဲ့ နိုင်ဂျာပြည်နယ်တွေမှာလည်း အတုယူပြန်ပေးဆွဲမှုတွေ ပေါ်ပေါက်လာခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ကက်ဘီပြည်နယ်အစိုးရက ကလေး ၂၄ ယောက်ပါ ဓာတ်ပုံကို ထုတ်ပြန်ခဲ့ပြီး ပြန်ပေးဆွဲခံရတဲ့ မိန်းကလေးအုပ်စုတစု ပြန်လွတ်လာပြီဖြစ်ကြောင်း အရာရှိတွေက ပြောပါတယ်။
နိုဝင်ဘာ ၂၆ ရက်မှာတော့ ကက်ဘီပြည်နယ် အစိုးရအိမ်တော်မှာ တရားဝင် အခမ်းအနားနဲ့ မိဘတွေဆီ ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။
အခုလွတ်မြောက်မှုဟာ မကြာသေးတဲ့နှစ်တွေအတွင်း နိုင်ဂျီးရီးယား အနောက်မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတွေမှာ ဒုက္ခရောက်ခဲ့ရတဲ့ အစုလိုက်အပြုံလိုက် ပြန်ပေးဆွဲမှုတွေထဲမှ နောက်ဆုံးဖြစ်ရပ်လည်း ဖြစ်ပါတယ်။
Source: Reuters


