
နိုင်ဂျီးရီးယားအနောက်မြောက်ပိုင်းရှိ စာသင်ကျောင်းကို သေနတ်သမားတွေ ဝင်ရောက် စီးနင်းပြီးနောက် ကျောင်းသားတွေကို ပြန်ပေးဆွဲကာ ကြိုးတုပ်ခေါ်ဆောင်သွားချိန်မှာ မော်တော်ဆိုင်ကယ် စက်ပျက်သွားတာဟာ အသက် ၁၃ နှစ်ရှိ စတီဖန် ဆမ်မြူယယ်အတွက် ထွက်ပြေး လွတ်မြောက်ဖို့ အခွင့်အရေးတခု ဖြစ်ခဲ့ပါတယ်။
တိုက်ခိုက်သူတယောက်ဟာ သူ့ရဲ့မော်တော်ဆိုင်ကယ်ကို ပြန်ပြင်ဖို့ ကြိုးစားနေရင်း အာရုံလွင့်သွားချိန် ကျောင်းသားလေးဟာ သေနတ်သမားတွေဆီကနေ ထွက်ပြေးနိုင်ခဲ့ပါတယ်။
သေနတ်သမားတွေဟာ အိပ်ပျော်နေတဲ့ ကျောင်းသားတွေကို နှိုးပြီး ကြိုးနဲ့တုပ်ကာ အတင်းအကျပ် ခေါ်ဆောင်သွားခဲ့ကြောင်းလည်း ဆမ်မြူယယ်က ပြောပါတယ်။
သူတို့ကို လမ်းပေါ်ကို ခေါ်လာရင်း မယ်တော်မာရီရဲ့ရုပ်ပုံကို ပစ်ခတ်ပြီး ဖြတ်မောင်းသွားတဲ့ ကားတစီးကိုလည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
သေနတ်သမားတွေဟာ သူတို့ရဲ့ ဆိုင်ကယ်ပျက်သွားလို့ ပြုပြင်ဖို့ ရပ်တန့်လိုက်ချိန်မှာ အခွင့်အရေးရတုန်း ထွက်ပြေးခဲ့တာလို့ ဆမ်မြူယယ်က ပြောပြပါတယ်။
ကံကောင်းလို့ သူ့ကို မမြင်ကြဘူးလို့ ဆိုပါတယ်။ ဘယ်သွားရမှန်းမသိ ဖြစ်နေလို့ လာလမ်းအတိုင်း နောက်ပြန်လှည့်ပြေးခဲ့တာမှာ နောက်ဆုံးမှာ အိမ်နီးချင်းတယောက်က ကောင်လေးကိုရှာတွေ့ပြီး ဘေးကင်းစွာနဲ့ အိမ်ကိုပြန်ခေါ်လာခဲ့တာပါ။
စတီဖန် ဆမ်မြူယယ်ဟာ အိမ်ပြန်ရောက်လာပေမဲ့ စိတ်ဒဏ်ရာ ကြီးကြီးမားမား ရနေဆဲဖြစ်ပါတယ်။
မော်နီကာအန်ထနီ ဆိုတဲ့ အမျိုးသမီးရဲ့ ကလေး ၂ ယောက်စလုံးဟာ ပြန်ပေးဆွဲခံရတဲ့အထဲ ပါဝင်သွားပါတယ်။
သတင်းကြားကြားချင်း သူ့ခင်ပွန်းဟာ ကျောင်းကို စက်ဘီးနဲ့ အပြေးအလွှား လိုက်သွားပေမဲ့ လဲကျသွားပြီး ဆေးရုံတင်လိုက်ပါတယ်။ ဆေးရုံမှာ ရက်အနည်းငယ်အကြာ သွေးတိုးရောဂါနဲ့ ဆုံးသွားရပါတယ်။
သေနတ်သမားတွေဟာ နိုဝင်ဘာ ၂၁ ရက်က ကျောင်းတိုက်ခိုက်မှုမှာ ကျောင်းသားတွေနဲ့ ဝန်ထမ်း ၃၀၀ ကျော်ကို ပြန်ပေးဆွဲခဲ့ပါတယ်။
ကျောင်းသားတွေကို အစုလိုက်အပြုံလိုက် ပြန်ပေးဆွဲမှုတွေဟာ နိုင်ဂျီးရီးယား အနောက်မြောက်ပိုင်း နဲ့ အလယ်ပိုင်းဒေသတွေမှာ နှစ်ပေါင်းများစွာ ဒုက္ခပေးခဲ့ပြီး လက်နက်ကိုင်ဂိုဏ်းတွေက ကျောင်းသားတွေကို ပြန်ပေးဆွဲကာ ငွေညှစ်ခဲ့ကြပါတယ်။
တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ရာပေါင်းများစွာ ပိတ်ခဲ့ရပြီး ကလေးထောင်ပေါင်းများစွာ ပညာရေးမှ ထွက်ခွာခဲ့ရပါတယ်။
နိုင်ဂျီးရီးယားအစိုးရကတော့ လုံခြုံရေးတပ်ဖွဲ့တွေဟာ ပျောက်ဆုံးနေတဲ့ ကလေးတွေနဲ့ ဝန်ထမ်းတွေ ကို ရှာဖွေနေကြောင်း ပြောကြားထားပါတယ်။
Source:Reuters


