
လုံခြုံရေးဆိုင်ရာ စိုးရိမ်ချက်တွေကြောင့် ဘေးလွတ်ရာရွှေ့ဖို့ အာဏာပိုင်တွေက အမိန့်ပေးပြီးတဲ့နောက် နိုဝင်ဘာ ၂၂ ရက်မှာ မြောက်ပိုင်း နိုင်ဂျီးရီးယားက မိန်းကလေး ဘော်ဒါကျောင်းမှာရှိတဲ့ ကျောင်းသူတွေကို မိဘတွေက ပြန်ခေါ်ခဲ့ကြပါတယ်။
အခုအပတ်မှာ ကောလိပ် ၄၇ ခုကို ပိတ်သိမ်းဖို့ အစိုးရကို ဖိအားပေးခဲ့တဲ့ ခြိမ်းခြောက်မှုတွေထဲက နောက်ဆုံးတခု ဖြစ်ပါတယ်။
တနင်္လာနေ့မှာ နောက်ဆုံးစာမေးပွဲတွေစဖို့ စီစဉ်ထားပေမယ့် စိုးရိမ်ပူပန်နေတဲ့ မိဘတွေက ကျောင်းပေါက်ဝတွေဆီရောက်လာချိန်မှာ ပြည်ထောင်စုအစိုးရ မိန်းကလေးကောလိပ် ဇာရီယာမှာရှိတဲ့ ကျောင်းသူတွေ ခရီးဆောင်အိတ်တွေ သယ်ပြီး ကျောင်းဝင်းထဲကနေ ထွက်သွားတာကို မြင်တွေ့ခဲ့ရပါတယ်။
“ဝန်ကြီးဌာနမှာ ရွေးချယ်စရာမရှိဘူး၊ ကလေးတွေရဲ့ ဘေးကင်းရေးအတွက် သွားခွင့်ပေးရမယ်။ သူတို့ရဲ့အသက်တွေက သူတို့ရဲ့ ပညာရေးထက် အရေးကြီးတယ်” လို့ ကျောင်းဝန်ထမ်း ဂလိုရီယာ ဆင်မြူယယ်က ပြောပါတယ်။
လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကြောင့် ကျောင်းသားမိဘတွေက ကလေးတွေကို ပြန်ခေါ်ဖို့ သောကြာနေ့မှာ အကြောင်းကြားပြီးတဲ့နောက် ဘေးလွတ်ရာဆီ ရွှေ့ပြောင်းခဲ့တာပါ။
ပိတ်သိမ်းခြင်းဟာ ဒေသတွင်းမှာ မကြာသေးမီက ကျောင်းတွေကိုတိုက်ခိုက်မှုတွေအပေါ် အစိုးရက ပိုကျယ်ကျယ်ပြန့်ပြန့် တုံ့ပြန်မှုရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းမှာ လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ကျောင်းတွေကို လက်နက်ကိုင်အဖွဲ့တွေက မကြာခဏ ပစ်မှတ်ထားလေ့ရှိပါတယ်။
ပညာရေးဌာနတွေကနေ အစုလိုက်အပြုံလိုက် ပြန်ပေးဆွဲမှုတွေက မကြာသေးမီနှစ်တွေအတွင်း ခြိမ်းခြောက်မှုတရပ် ဖြစ်လာခဲ့ပါတယ်။
Source: Reuters


