
နိုင်ဂျီးရီးယားနိုင်ငံ၊ ကက်ဘီပြည်နယ် မာဂါမြို့ရှိ အစိုးရ မိန်းကလေး ဘော်ဒါကျောင်းတကျောင်းကို နိုဝင်ဘာ ၁၇ ရက် အစောပိုင်းမှာ သေနတ်သမားတွေက တိုက်ခိုက်ခဲ့ပြီး ဒုတိယကျောင်းအုပ်ကြီး သေဆုံးကာ ကျောင်းသူ ၂၅ ယောက်ကို ပြန်ပေးဆွဲခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒါဟာ နိုင်ငံရဲ့ အနောက်မြောက်ပိုင်းမှာ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် ပြန်ပေးဆွဲမှုလည်း ဖြစ်ပါတယ်။
ရိုင်ဖယ်သေနတ်တွေ ကိုင်ဆောင်ထားတဲ့ တိုက်ခိုက်သူတွေဟာ ဒေသစံတော်ချိန် မနက် ၄ နာရီလောက်မှာ အစိုးရ မိန်းကလေးများ ဘက်စုံအလယ်တန်းကျောင်းကို ဝင်ရောက်စီးနင်းခဲ့ပြီး ရဲတွေနဲ့ ပစ်ခတ်တိုက်ခိုက်ကြပြီးနောက်မှာ ကျောင်းခြံစည်းရိုးကို ကျော်တက်ကာ ကျောင်းသားတွေကို ဖမ်းဆီးသွားကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရ နာဖီယူ အဘူဘာကာ ကိုတာကိုရှီက ပြောပါတယ်။
တိုက်ခိုက်သူတွေကို ခုခံနေချိန်မှာ ဒုတိယကျောင်းအုပ်ကြီး ဟက်ဆန် ယာကုဘု မာကုကု ပစ်သတ်ခံခဲ့ရပြီး တခြားဝန်ထမ်းတယောက်လည်း သေနတ်ဒဏ်ရာတွေ ရရှိခဲ့ကြောင်း ဆိုပါတယ်။
ကက်ဘီပြည်နယ် အုပ်ချုပ်ရေးမှူး နာဆာ အစ်ဒရစ်က “ကျနော်တို့ရဲ့ ကလေးတွေကို ပြန်ပေးဆွဲသွားတာကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး ပြန်ပေးဆွဲခံရတဲ့ ကလေးတွေရဲ့ မိဘတွေကိုလည်း သူတို့ရဲ့ကလေးတွေကို ကယ်တင်နိုင်ဖို့အတွက် တတ်နိုင်သမျှ လုပ်ဆောင်ပေးမယ်လို့ ကတိပေးထားတယ်”လို့ ပြောပါတယ်။
ရဲတပ်ဖွဲ့ဟာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး စစ်ဆင်ရေးအတွင်း သံသယရှိသူတွေ ထွက်ပြေးလွတ်မြောက်သွားတဲ့ လမ်းကြောင်းတွေနဲ့ အနီးတဝိုက်ရှိ သစ်တောတွေကို ပိုက်စိပ်တိုက် ရှာဖွေဖို့အတွက် တပ်ကူ နည်းဗျူဟာမြောက်တပ်ဖွဲ့တွေ၊ ဒေသခံ ကိုယ်ထူကိုယ်ထ ကာကွယ်ရေးသမားတွေကို စေလွှတ်ထားကြောင်း ပြောကြားခဲ့ပါတယ်။
နိုင်ဂျီးရီးယားအစိုးရဟာ ဒေသတွင်းမှာ လုံခြုံရေးမြှင့်တင်ပေးမယ်လို့ ကတိပြုထားပေမဲ့ နိုင်ငံအနောက်မြောက်ပိုင်းမှာ လက်နက်ကိုင်ဂိုဏ်းတွေဟာ စာသင်ကျောင်းတွေကို အကြိမ်ကြိမ် ပြန်ပေးဆွဲမှုတွေ ကျူးလွန်နေတာကို မြင်တွေ့ရပါတယ်။
ဘိုကိုဟာရမ် အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ဟာ ၂၀၁၄ ခုနှစ်မှာ အရှေ့မြောက်ပိုင်း ချီဘုတ်ခ်မြို့မှာ ကျောင်းသူ ၂၇၀ ကို ပြန်ပေးဆွဲခဲ့တာမှာ မိန်းကလေးအများစုက ထွက်ပြေးပြီး လွတ်မြောက်ခဲ့ကြပေမဲ့ တချို့ကတော့ ပြန်မလာနိုင်ခဲ့ကြပါဘူး။
Photo: Reuters


