
အာဖဂန်နိုင်ငံသားတွေနဲ့ သက်ဆိုင်တဲ့ လူဝင်မှုကြီးကြပ်ရေး တောင်းဆိုမှုအားလုံးကို အကန့်အသတ် မရှိ ရပ်ဆိုင်းထားကြောင်း အမေရိကန်ပြည်ထောင်စု နိုင်ငံသားနဲ့ လူဝင်မှုကြီးကြပ်ရေးဌာန (USCIS) က နိုဝင်ဘာ ၂၆ ရက် နှောင်းပိုင်းမှာ ပြောကြားခဲ့ပါတယ်။
ဝါရှင်တန်ဒီစီမှာ အစောပိုင်းက အမျိုးသားအစောင့် တပ်ဖွဲ့ဝင် ၂ ယောက် ပစ်ခတ်ခံရလို့ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပြီးနောက်မှာ ပစ်ခတ်မှု သံသယရှိသူကို ဝါရှင်တန်ပြည်နယ်မှ အသက် ၂၉ နှစ်အရွယ် အာဖဂန်နိုင်ငံသား ရာမန်နူလာ လာကန်ဝါလ် အဖြစ် ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကို အကြမ်းဖက်မှုအဖြစ် စုံစမ်းစစ်ဆေးနေပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်ပ်က “ဒီတိုက်ခိုက်မှုဟာ တနိုင်ငံလုံးကို ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတခုပါ။ ဒီနိုင်ငံနဲ့ မသက်ဆိုင်တဲ့ ဒါမှမဟုတ် ကျနော်တို့နိုင်ငံအတွက် အကျိုးကျေးဇူး မဖြစ်စေတဲ့ ဘယ်နိုင်ငံကမဆို နိုင်ငံခြားသား တွေကို ဖယ်ရှားပေးဖို့ လိုအပ်တဲ့ အစီအမံတွေအားလုံးကို လုပ်ဆောင်ရပါမယ်။ သမ္မတဟောင်း ဂျိုးဘိုင်ဒင် လက်ထက်မှာ နိုင်ငံတွင်းကို ဝင်ရောက်လာတဲ့ အာဖဂန် ရွှေ့ပြောင်းနေထိုင်သူတွေ အားလုံးကို ပြန်လည်စစ်ဆေးရမယ်”လို့ ပြောပါတယ်။
အမေရိကန် နိုင်ငံသားနဲ့ လူဝင်မှုကြီးကြပ်ရေးဌာန (USCIS) ကလည်း လုံခြုံရေးနဲ့ စိစစ်ရေး လုပ်ထုံးလုပ်နည်းတွေကို နောက်ထပ် ပြန်လည်သုံးသပ်ချိန်အထိ အာဖဂန်နိုင်ငံသားတွေနဲ့ သက်ဆိုင်တဲ့ လူဝင်မှုကြီးကြပ်ရေး တောင်းဆိုမှုအားလုံးကို ချက်ချင်း အကျိုးသက်ရောက်စွာ ရပ်ဆိုင်းထားကြောင်း USCISရဲ့ X ပို့စ်မှာ ကြေညာထားပါတယ်။
“ကျွန်ုပ်တို့ မွေးရပ်မြေနဲ့ အမေရိကန်ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ရေးနဲ့ ဘေးကင်းရေးဟာ ကျွန်ုပ်တို့ရဲ့ တခုတည်းသော အာရုံစိုက်မှုနဲ့ ရည်မှန်းချက်အဖြစ် ဆက်လက်တည်ရှိနေကြောင်း” ဖော်ပြထားပါတယ်။
Source: Reuters


