Home
နိုင်ငံတကာ
ဂျပန်အား ဟန့်တားထိန်းချုပ်ပေးရန် အမေရိကန်ကို တရုတ် တိုက်တွန်း
DVB
·
November 27, 2025
Photo :Reuters

ဂျပန်ရဲ့ "စစ်ဝါဒ ပြန်လည်အသက်သွင်းမယ့်" လုပ်ရပ်မှန်သမျှကို ဟန့်တားထိန်းချုပ်ပေးဖို့ အမေရိကန်ကို တရုတ်အာဏာရ ကွန်မြူနစ်ပါတီပိုင် People's Daily သတင်းစာက နိုဝင်ဘာ ၂၇ ရက် အယ်ဒီတာ့အာဘော်မှာ တိုက်တွန်း ရေးသားလိုက်ပါတယ်။ 

တရုတ်က ထိုင်ဝမ်ကို တိုက်ရင် ဂျပန်က စစ်ရေးအရ တုံ့ပြန်ရနိုင်တယ်လို့ ဂျပန်ဝန်ကြီးချုပ် တာကာအိချိက နိုဝင်ဘာ ၇ ရက် လွှတ်တော်မှာ ပြောကြားခဲ့ရာကနေ နှစ်နိုင်ငံ တင်းမာနေခဲ့တာ ဖြစ်ပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့  နိုဝင်ဘာ ၂၄ ရက်မှာ ဖုန်းဆက်သွယ်ပြောဆိုအပြီးနောက် တရက်မှာ ဂျပန်ဝန်ကြီးချုပ်တာကာအိချိနဲ့ ဖုန်းဆက်သွယ်ခဲ့ ပါတယ်။ 

အဲဒီကတည်းက တင်းမာမှုလျှော့ချရေး ကြားဝင်ဖို့ အမေရိကန်ကို တရုတ်က တိုက်တွန်းခဲ့တာ ဖြစ်နိုင်တယ်လို့ မှန်းဆခဲ့ကြပါတယ်။  

“တရုတ်နဲ့ အမေရိကန်ဟာ စစ်ပြီးခေတ် နိုင်ငံတကာအစီအစဉ်ကို ပူးတွဲစောင့်ရှောက်ဖို့နဲ့ စစ်ဝါဒ ပြန်အသက်သွင်းဖို့ ကြိုးစားမှုမှန်သမျှကို ဆန့်ကျင်ဖို့ တူညီတဲ့ တာဝန်ရှိတယ်" လို့ ဒုတိယ ကမ္ဘာစစ်တုန်းက ဖက်ဆစ်ဂျပန်ကို အတူတိုက်ခဲ့တာကို ရည်ညွှန်းပြီး ဆောင်းပါးမှာ ဖော်ပြ ထားပါတယ်။ 

တဖက်မှာလည်း ထိုင်ဝမ်နဲ့ ကီလိုမီတာ ၁၁၀ သာဝေးတဲ့ ယိုနာဂူနီကျွန်းမှာ ဒုံးကျည်တပ်ဆင်ဖို့ အစီအစဉ် ရှေ့ဆက်နေတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောကြားထားပါတယ်။

နိုင်ငံခြားရေးမူဝါဒ သဘောထားတွေကို ဖော်ပြရာမှာ သုံးလေ့ရှိတဲ့ “တရုတ်အသံ” လို့ အဓိပ္ပာယ်ရတဲ့ "ကျုံးရှန်" (Zhong Sheng) ဆိုတဲ့ ကလောင်အမည်နဲ့ ဒီဆောင်းပါးကို ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013