
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့၊ အိမ်ဖြူတော်အနီး နိုဝင်ဘာ ၂၆ ရက် ညနေက အနောက်ဗာဂျီးနီးယားပြည်နယ် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂ ယောက် ပစ်ခတ်ခံရပြီး အခြေအနေ စိုးရိမ်ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
သေနတ်သမားဟာ အနီးအနားက တခြားအစောင့်တပ်ဖွဲ့ဝင်တွေရဲ့ တုံ့ပြန်ပစ်ခတ်မှုကြောင့် ဒဏ်ရာရပြီး ဖမ်းဆီးခံခဲ့ရပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ပ်က တိုက်ခိုက်သူဟာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလက အာဖဂန်နစ္စတန်ကနေ ဝင်ရောက်လာသူဖြစ်ပြီး ဒီအကြမ်းဖက်လုပ်ရပ်အတွက် ဖြစ်နိုင်သမျှ အပြင်းထန်ဆုံးပြစ်ဒဏ်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။
အဲဒီနောက်မှာ သမ္မတထရမ့်ပ်က အရင်သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်မှာ အာဖဂန်နစ္စတန်ကနေ ဝင်ရောက်လာသူတိုင်းကို ပြန်လည်စစ်ဆေးဖို့ လိုအပ်တယ်လို့ ကြေညာလိုက်ပါတယ်။
FBI က ဦးဆောင်ပြီး အကြမ်းဖက်မှုအဖြစ် စုံစမ်းစစ်ဆေးနေတဲ့ ဒီဖြစ်ရပ်မှာ သံသယရှိသူဟာ ဗီဇာသက်တမ်းလွန် နေထိုင်နေတဲ့ အာဖဂန်နိုင်ငံသား ရာမန်နူလာ လာကန်ဝါးလ် ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ဖော်ပြကြပါတယ်။
သမ္မတ ထရမ့်ပ်က လုံခြုံရေးအတွက် အစောင့်တပ်ဖွဲ့ဝင် ၅၀၀ ဝါရှင်တန်ဒီစီကို ထပ်မံစေလွှတ်ဖို့ ကာကွယ်ရေးဝန်ကြီး ပိသ်ဟက်ဆက်ကို အမိန့်ပေးခဲ့ပါတယ်။


