
နိုဝင်ဘာ ၂၇ ရက် ဒီနေ့ မနက်အစောပိုင်းက ကစားခဲ့တဲ့ လီဗာပူးအသင်းနဲ့ PSV အသင်းတို့ရဲ့ ဥရောပ ချန်ပီယံလိဂ်ပွဲစဉ်မှာ အိမ်ရှင်လီဗာပူးအသင်းက ၁ ဂိုး ၄ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။
ပွဲချိန် ၅ မိနစ်မှ PSV အသင်းက ထောင့်ကန်ဘောဖြတ်တင်တာကို လီဗာပူးအသင်းခေါင်းဆောင် ဗန်ဒိုက်က လက်နဲ့တားခဲ့တဲ့အတွက် ပင်နယ်တီ ပေးလိုက်ရပြီး အဲဒီပင်နယ်တီကို ဘယ်တောင်ပံကစားသမား ပယ်ရီဆစ်က ကန်သွင်းခဲ့လို့ PSV တို့ ဦးဆောင်ဂိုးရခဲ့ပါတယ်။
ပွဲချိန် ၁၅ မိနစ်မှာတော့ လီဗာပူး တောင်ပံတိုက်စစ်မှူး ဂက်ပို ကန်သွင်းတဲ့ ဘောလုံး လျှံထွက်လာတာကို ကွင်းလယ်လူ ဇိုဘော့ဆလိုင်းက ပိတ်သွင်းပြီး လီဗာပူးအတွက် ချေပဂိုး ရယူခဲ့ပါတယ်။
အဲဒီနောက် ၂ မိနစ် အကြာမှာပဲ PSV တို့ ဂိုးထပ်ရခဲ့ပေမဲ့ လူကျွံနေခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်း ပွဲချိန် ၅၅ မိနစ်မှာ PSV တိုက်စစ်မှူးတေးလ်က ဦးဆောင်ဂိုးသွင်းခဲ့သလို ပွဲချိန် ၇၂ မိနစ်နဲ့ နာကျင်အချိန်ပို ၉၂ မိနစ်တွေမှာ လူစားဝင်ကစားသမား ဒရီဝက်ရှ်က အနိုင်ဂိုး ၂ လုံး ထပ်သွင်းပြီး PSV တို့ ဂိုးပြတ်နိုင်သွားခဲ့တာပါ။
ဒါဟာ လီဗာပူးအသင်းရဲ့ ပြိုင်ပွဲစုံမှာ ၃ ပွဲဆက်တိုက် ဂိုးပြတ်ရှုံးနိမ့်တာ ဖြစ်ပါတယ်။ လီဗာပူးဟာ ရှေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲမှာလည်း မန်ချက်စတာစီးတီးအသင်းနဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းကို ၃ ဂိုးပြတ်စီနဲ့ ရှုံးနိမ့်ထားပါတယ်။


