
အသင်းရဲ့ ရှုံးပွဲတွေအတွက် မိမိမှာတာဝန်ရှိကြောင်း လီဗာပူးနည်းပြအာနဲစလော့က ပြောသွား ပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ မှာ နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်းမှာ ၃ ဂိုး ဂိုးမရှိနဲ့ အရေးနိမ့် ခဲ့ပြီးနောက် နည်းပြ အာနဲစလော့က သူ့မှာတာဝန်ရှိကြောင်း ပြောသွားတာပါ။
အနိုင်နဲ့ အရှုံးရလဒ်အားလုံးက မိမိမှာတာဝန်ရှိပြီး တခြားလုံလောက်တဲ့ ဆင်ခြေတွေနဲ့ အကြောင်းပြချက်တွေ ပေးမှာမဟုတ်ကြောင်း၊ အသင်းရဲ့စွမ်းဆောင်ရည်က လုံလောက်တဲ့ ကောင်းမွန်မှုနဲ့ အလှမ်းဝေးကွာနေပြီး အဲဒီအတွက် မိမိမှာ တာဝန်ရှိကြောင်း နည်းပြစလော့က ပြောပါတယ်။
ပြိုင်ပွဲစုံနောက်ဆုံး ၁၁ ပွဲမှာ ၈ ပွဲ အထိရှုံးနိမ့်ခဲ့တဲ့ လီဗာပူးအသင်းဟာ အမှတ်ပေးဇယား အဆင့် ၁၁ နေရာအထိ ကျဆင်းသွားခဲ့ပြီး ထိပ်ဆုံးက အာဆင်နယ်အသင်းက စပါးနဲ့ပွဲမှာ အနိုင်ရမယ်ဆိုရင် ၁၁ မှတ်အထိ ကွာဟသွားတော့မှာ ဖြစ်ပါတယ်။


