
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ၄ နှစ်ကျော်ကာလအတွင်းမှာ အမျိုးသမီးတွေ နည်းလမ်းပေါင်းစုံနဲ့ အကြမ်းဖက်ခံနေရပါတယ်။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်ခံရမှုတွေထဲက ဆောမြို့နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရတဲ့ သမီးဖြစ်သူနဲ့ ပတ်သက်ပြီး တရားမျှတမှု လိုချင်တယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။
နိုဝင်ဘာ ၂၅ ရက်နေ့ဟာ အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုပပျောက်ရေး အပြည်ပြည်ဆိုင်ရာ အထိမ်းအမှတ်နေ့ဖြစ်ပါတယ်။
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်မှာနေထိုင်တဲ့ သားသမီး ၄ ယောက်ရဲ့မိခင် ဒေါ်စိုး (အမည်လွှဲ) ကတော့ သူ့ရဲ့ အသက် ၁၃ နှစ်အရွယ် တတိယမြောက် သမီးလေးကတော့ ၂၀၂၅ အောက်တိုဘာလတုန်းက လိင်းပိုင်းဆိုင်ရာ အကြမ်းဖက်ခံရပြီး သတ်ဖြတ်ခံခဲ့ရတာပါ။
“သူ စပျောက်ကတည်းက ထမင်းမစားနိုင်ဘူး၊ အိပ်လည်း မအိပ်နိုင်ဘူး။ အဲဒါ အလောင်းမတွေ့မချင်း အိပ်မပျော်ဘူး၊ အလောင်းတွေ့တော့လည်း အိပ်မပျော်ဘူး။ ဒီလိုပါပဲ၊ ငိုငိုရယ်ရယ်ပါ။ ဒီလိုပဲ ငိုလို့ကျန်နေတော့တာပါ။ စိတ်ထဲမှာ သူ့ရဲ့ အကြောင်းတွေ မြင်နေရတုန်း။ ကလေးတယောက်လုံး ဆုံးရှုံးသွားတာဆိုတော့တမျိုးပါ။ ကလေးတယောက်လုံး ဆုံးရှုံးရတာ ဆိုတော့ တော်တော်ခံစားရတယ်။”
ဒါကတော့ အသက် ၄၅ နှစ်အရွယ် ဒေါ်စိုးက သူ့ရဲ့ သမီးဖြစ်သူ ပျောက်ဆုံးပြီးတဲ့ နောက်ပိုင်း သူ စိတ်ထိခိုက်ခံစားနေရတာကို ပြန်ပြောပြတာပါ။
အောက်တိုဘာ ၂၁ ရက်မှာ ဒေါ်စိုးရဲ့ သမီးဖြစ်သူကို သူတို့နဲ့ ခင်မင်ရင်းနှီးတဲ့ ဆောမြို့၊ ဇေယျာရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၂၁ နှစ်အရွယ် မင်းမင်းစိုး ဆိုသူက ညအချိန်မှာ သူငယ်ချင်းတွေ မိတ်ဆုံစားပွဲလို့ အကြောင်းပြကာ ခေါ်ဆောင်သွားပြီး နောက်မှာ အိမ်ကို ပြန်မရောက်လာတော့တာ ဖြစ်ပါတယ်။
ဒေါ်စိုးက သူ့သမီးဖြစ်သူ ပျောက်ဆုံးတာကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တိုင်တန်းကာ ရှာဖွေရင်း အောက်တိုဘာ ၂၄ ရက်မှာတော့ အဓမ္မပြုကျင့်၊ သတ်ဖြတ်ခံထားရတဲ့ သမီးဖြစ်သူရဲ့ အလောင်းကို ဆောမြို့ဆေးရုံဝင်းထဲက အခန်းတခုမှာ ပြန်လည်တွေ့ခဲ့တာပါ။
ဒေါ်စိုးက “မှောင်ခါနီးလေးမှာ ကလေးက မလာတော့ အမေ ကလေးပျောက်တယ်နဲ့ ပြောထားတော့တာ၊ ညလည်း မှောင်နေပြီဆိုတော့ ရှာချိန်မရှိတော့ဘူးလေ။ အနီးအနားတွေ အကုန်ပတ်ပြီးတော့ ရှာသေးတယ်။ ရှာလို့မတွေ့တော့ ဒီမှာတိုင်ချက်ဖွင့်ပြီးတော့ အဲဒီမှာ ဝိုင်းအုံရှာကြတော့ မတွေ့နိုင်တော့ဘူး။ ကလေးကို တွေ့တဲ့အချိန်ကျတော့ ၂၅ ရက်နေ့မှပဲ တွေ့တော့တာ အလောင်း” လို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော်ကာလအတွင်း နိုင်ငံနေရာအနှံ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုပေါင်း ၅၅၀ ကျော် ကျူးလွန်ခဲ့တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB) က ထုတ်ပြန်ထားပါတယ်။
ဒါဟာ စာရင်းကောက်ယူနိုင်တဲ့ အရေအတွက်ပဲဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ကျူးလွန်သူ အများစုဟာ စစ်ကောင်စီတပ်လက်အောက်ခံ စစ်သားတွေ ဖြစ်တယ်လို့ မြေပြင်မှာ အကူအညီပေးမှုတွေ ဆောင်ရွက်နေသူတဲ့ သူတွေက ပြောပါတယ်။
လက်နက်ကိုင် ပဋိပက္ခအားကောင်းနေတဲ့ ဒီလိုအချိန်မျိုးမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ကျူးလွန်ခံရတာ လိင်ပိုင်းဆိုင်ရာ တခုတည်းတော့ မဟုတ်ပါဘူး။
ဒီနေ့ခေတ်မှာ အမျိုးသမီးတွေဟာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အိမ်တွင်းအကြမ်းဖက်မှု စတာတွေကို ပုံစံမျိုးစုံနဲ့ ခံစားနေကြရတာပါ။ အမျိုးသမီးတွေကို ကျူးလွန်တဲ့ အဲဒီအကြမ်းဖက်မှုတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို ကျူးလွန်သူတွေဟာလည်း အမျိုးသားတွေ ဖြစ်တယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။
အဲဒီလို အမျိုးသမီးတွေ ကျူးလွန်ခံနေရတဲ့ အကြမ်းဖက်မှုတွေကို လျှော့ချမယ့်နည်းလမ်းတချို့ကို Politics for Women Myanmar အဖွဲ့က လီလီယံက ပြောပြပါတယ်။
“ကျူးလွန်ခံရတဲ့သူတွေကို Focus လုပ်ရတဲ့ကိစ္စ မဟုတ်ဘူး၊ ကျူးလွန်သူတွေက Focus လုပ်ရမယ့်ကိစ္စ၊ Man Engagement ပိုများလာအောင် လုပ်ရမယ်။ ကျနော်တို့တွေက ဂျန်ဒါအခြေပြု အကြမ်းဖက်မှုတွေကို ကြည့်လိုက်ရင် ၉၀ ရာခိုင်နှုန်း ကျူးလွန်သူတွေက အမျိုးသားတွေ ဖြစ်နေတယ်။ အမျိုးသားတွေ ဖြစ်တဲ့အခါကျတော့ ဒီအမျိုးသားထုက နောက်ထပ်ကျူးလွန်သူ ဖြစ်လာနိုင်ခြေရှိတဲ့ အမျိုးသားတွေ ထပ်မထွက်လာဖိုအတွက် တာဝန်ခံဖို့ လိုတယ်။ ဒါကြောင့် ကျနော်တို့က Man Engagement ပိုများလာဖို့လိုတယ်။”
ဒါ့အပြင် အဲဒီကျူးလွန်ခံရသူတွေဟာ ဥပေဒေကြောင်းအရ တရားမျှတမှုနဲ့ ကျန်းမာရေး စောင့်ရှောက်ခွင့် လုံးဝ မရသလောက်နီးပါးပဲ ဖြစ်နေတယ်လို့ WLB ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
DVB က စုံစမ်းထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ကျူးလွန်တဲ့ အမှုတွေအတွက် ဖမ်းဆီး စစ်ဆေးနေတာတွေ ရှိနေတယ်လို့ သိရပေမဲ့ အာဏာသိမ်းစစ်တပ်က ကျူးလွန်တဲ့ အမှုတွေကတော့ အရေးယူဖို့နေနေသာသာ ကျူးလွန်ကြောင်း ဝန်ခံထားတာ တစုံတရာ မတွေ့သေးပါဘူး။
လက်ရှိမှာတော့ ကျူးလွန်သူ မင်းမင်းစိုးကို မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့ အချုပ်မှာ ဖမ်းဆီးပြီး စစ်ဆေးနေသလို အမှုနဲ့သက်ဆိုင်သူ ၄ ယောက်ကိုလည်း စစ်ဆေးနေတယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
ဒါပေမဲ့ မိခင်ဖြစ်သူ ဒေါ်စိုးစိုးကတော့ သူ့သမီးနဲ့ အမှုနဲ့ပတ်သက်ပြီး ကျူလွန်သူကို ထိထိရောက်ရောက် အပြစ်ပေး အရေးယူစေချင်တယ်လို့ ပြောပါတယ်။
“ကျမတော့ သေဒဏ်ပဲ တောင်းမှာ။ သူ့အမှုတွေက နည်းတာမဟုတ်ဘူးလေ။ ကျူးကျော်ဝင်ရောက်မှုရော၊ လိမ်လည်လှည့်ဖြားမှုရော၊ နှိက်စက်ညှဉ်းပန်းမှုရော၊ သက်ငယ်မုဒိမ်းရော၊ လူသတ်မှုရော၊ အလောင်းဖျောက်မှုရော သူ့အတွက် ဒီလောက်ကြီး ကျူးလွန်တာတောင် သေဒဏ်မပေးနိုင်ဘူးလားလို့ ကျမက မေးတော့မှာ၊ ဘာပဲဖြစ်ဖြစ် ကျမက သေဒဏ်ပဲတောင်းမှာ။”
ကမ္ဘာတဝန်းက အမျိုးသမီးအရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိ အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုပပျောက်ရေး အထိမ်းအမှတ်အနေနဲ့ ၁၆ ရက်တာ လှုပ်ရှားမှုတွေကို ကမ္ဘာတဝန်း နေရာတော်တော်များများမှာ ပုံစံမျိုးစုံနဲ့ ကျင်းပနေကြပါတယ်။
သီရိ


