
ဟေတီနိုင်ငံ မြို့တော်တဝန်းက ဘုရားကျောင်းတွေနဲ့ စာသင်ကျောင်းတွေကို ဂိုဏ်းအကြမ်းဖက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးဖို့ အတင်းအကျပ် ခိုင်းစေခံခဲ့ရတဲ့ လူပေါင်း ၁ ဒသမ ၃ သန်းကျော်အတွက် ယာယီတဲတွေအဖြစ် ပြောင်းလဲခဲ့ရပါတယ်။
နိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းက ပိုမိုနက်ရှိုင်းလာခဲ့သလို ဒုက္ခသည်တွေနေထိုင်တဲ့ တဲတွေရဲ့ အခြေအနေတွေက အလွန်ဆိုးရွားနေတာပါ။
လူပြည့်ကျပ်နေတဲ့ စခန်းတွေမှာ ရောဂါတွေ အလွယ်တကူ ပျံ့နှံ့သွားပြီး အကူအညီတွေလည်း ရှားပါးနေပါတယ်။
ပို့တ်အော်ပရင့်စ်တဝန်း ပျက်စီးဆုံးရှုံးမှုပမာဏမှာ အံ့မခန်းဖြစ်ပြီး မီးလောင်နေတဲ့အိမ်တွေ၊ ယာဉ်တွေနဲ့ ကျည်ဆန်ရာ နံရံတွေက ရပ်ကွက်တွေထဲမှာ ထင်သာမြင်သာ ဖြစ်နေတာပါ။
ဟေတီတပ်မတော် အထူးတပ်ဖွဲ့တွေရဲ့ တပ်မှူးဟောင်း ဗိုလ်မှူးကြီး ဟစ်မလာ ရီဘူက အကျပ်အတည်းကို ဖြေရှင်းဖို့ ဆယ်စုနှစ်တခု ဒါမှမဟုတ် ဒီထက် ပိုကြာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
“ကျနော်တို့မှာ ငွေကြေးရှိရင်တောင် ဖြေရှင်းဖို့ နှစ်ပေါင်းများစွာ ကြာလိမ့်မယ်” လို့ ရီဘူက ပြောပါတယ်။
ဒေသတခုလုံး ပျက်စီးဆုံးရှုံးမှု၊ ဒေသခံတွေ အိုးမဲ့အိမ်မဲ့ဖြစ်မှုနဲ့ သေဆုံးမှုတွေကို ထောက်ပြခဲ့ပါတယ်။
အုပ်ချုပ်ရေးဆိုင်ရာ ပျက်ကွက်မှုတွေကြောင့် အကျပ်အတည်းတွေ ဖြစ်ခဲ့တာလို့ သူက အပြစ်တင်ခဲ့ပါတယ်။
နိုင်ငံတဝန်းမှာ အကြမ်းဖက်မှုတွေက ဆက်ဖြစ်နေလို့ ဟေတီနိုင်ငံရဲ့ လူဦးရေ ၁၂ သန်းရဲ့ ထက်ဝက်လောက်ဟာ ပြင်းထန်တဲ့ အစားအစာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။
Source: Reuters


