
လာမယ့်နှစ်ပိုင်းမှာ ထိုင်ဝမ်သမ္မတ လိုင်ချင်း-တယ်က သူ့အစိုးရအဖွဲ့ရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို ဒေါ်လာ ၄၀ ဘီလီယံအထိ ထပ်တိုးအသုံးပြုဖို့အတွက် အဆိုပြုလိုက်ပါတယ်။
ဒါဟာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ကျွန်းနိုင်ငံက တရုတ်ပြည်မကြီးရဲ့ ကျူးကျော်လာနိုင်ခြေကို ဟန့်တားဖို့အတွက်ပဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း တရုတ်စစ်ရေးဖိအား မြင့်တက်လာတာနဲ့အမျှ ထိုင်ဝမ်ကလည်း ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့် သုံးစွဲလာခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ ထိုင်ဝမ်အနေနဲ့ မိမိကိုယ်ကိုယ် ကာကွယ်နိုင်တဲ့အထိ စစ်ရေးအင်အားတည်ဆောက်ဖို့ တွန်းအားပေးလျက်ရှိပါတယ်။
အဲဒီအဆိုပြုချက်အရ “အမေရိကန်ဆီကနေ လက်နက်အသစ်တွေ အများအပြားဝယ်ယူဖို့ သုံးစွဲမှာ ဖြစ်သလို ထိုင်ဝမ်ရဲ့ မညီမမျှဖြစ်နေတဲ့ စွမ်းရည်တွေကိုလည်း အကြီးအကျယ် မြှင့်တင်ဖို့ဖြစ်တယ်” ဆိုပြီး လိုင်အနေနဲ့ မှတ်ချက်ပြုပါတယ်။
ဒါ့အပြင် “ပေကျင်းဘက်က အင်အားသုံးနိုင်ခြေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်တဲ့နေရာမှာ မရေရာမှုတွေကြောင့် အသုံးစရိတ် တိုးမြှင့်ခြင်းအားဖြင့် ကျနော်တို့ရဲ့ ဟန့်တားနိုင်စွမ်းကို အားကောင်းလာစေဖို့ ရည်ရွယ်ပါတယ်” လို့လည်း ဖြည့်စွက်ပြောပါတယ်။
တချိန်တည်းမှာ “T-Dome” (တီ-ဒုန်းမ်) အမည်ရ အဆင့်များစွာပါဝင်တဲ့ လေကြောင်းကာကွယ်ရေးစနစ် တည်ဆောက်မှုကိုပါ အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ လိုင်က အသိပေးထားပါတယ်။
လာမယ့်နှစ်အတွင်း ထိုင်ဝမ်ကာကွယ်ရေးအတွက် စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) ရဲ့ ၃ ရာခိုင်နှုန်းကျော်နဲ့ ၂၀၃၀ ပြည့်နှစ်မှာ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမယ့် အစီအစဉ်တွေကို အရင်ကတည်းက ချမှတ်ထားခဲ့တာပါ။
တရုတ်ဘက်က ထိုင်ဝမ်ကို နိုင်ငံ့ပိုင်နက်အဖြစ် သတ်မှတ်ထားတဲ့အလျောက် လိုအပ်လာတဲ့အခါ စစ်အင်အားသုံး သိမ်းပိုက်မယ်လို့ပါ ခြိမ်းခြောက်ထားပါတယ်။ ဒါကြောင့် ထိုင်ဝမ်အစိုးရဘက်က GDP ရဲ့ ၃ ဒသမ ၃၂ ရာခိုင်နှုန်းရှိတဲ့ ဒေါ်လာဘီလီယံ ၃၀ ကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် ကနဦး အဆိုပြုထားပါတယ်။
မကြာခင် တင်ပြဖို့ရှိနေတဲ့ ကာကွယ်ရေးအသုံးစရိတ်ကို ထိုင်ဝမ်လွှတ်တော်ကနေ အတည်ပြုပေးဖို့ ဆိုရင် အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) အနေနဲ့ ရုန်းကန်ရနိုင်ပါတယ်။ တဖက်က အဓိကအတိုက်အခံဖြစ်တဲ့ ကူမင်တန်ပါတီဟာ တရုတ်နဲ့ပိုပြီး နီးကပ်တဲ့ ဆက်ဆံရေးကို လိုလားတာကြောင့် ဖြစ်ပါတယ်။
Source: Reuters


