
တရုတ်က ဂျပန်ပင်လယ်စာတင်သွင်းမှုအားလုံး ရပ်ဆိုင်းဖို့ စီစဉ်နေတဲ့အချိန်မှာ ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်က နိုဝင်ဘာ ၂၀ ရက် နေ့လယ်စာအဖြစ် ဆူရှီစားပြပြီး ဂျပန်ဘက်က ရပ်တည်ကြောင်း ပြသခဲ့ပါတယ်။
သမ္မတလိုင်က ဂျပန်နိုင်ငံ၊ ကာဂိုရှီးမားက Yellowtail ငါး၊ ဟော့ကိုင်းဒိုးက ခုံးကောင်တွေနဲ့ လုပ်ထားတဲ့ ဆူရှီ နေ့လယ်စာ စားသောက်နေတဲ့ပုံတွေကို “ဒီကနေ့ နေ့လယ်စာကတော့ ဆူရှီနဲ့ မီဆို ဟင်းရည်ပါ” ဆိုတဲ့ စာသားနဲ့အတူ လူမှုကွန်ရက်မှာ တင်ခဲ့တာပါ။
မကြာသေးမီနှစ်တွေအတွင်း ထိုင်ဝမ် နာနတ်သီးနဲ့ ငါးတွေအပေါ်မှာလည်း တရုတ်က အလားတူ တင်သွင်းခွင့် ပိတ်ပင်ခဲ့ဖူးတာပါ။
တရုတ်က ထိုင်ဝမ်အပေါ် တိုက်ခိုက်လာရင် ဂျပန်ရဲ့ ရှင်သန်ရပ်တည်မှုကိုပါ ခြိမ်းခြောက်ရာ ရောက်တဲ့အတွက် စစ်ရေးအရ တုံ့ပြန်ရလိမ့်မယ်လို့ ဂျပန်ဝန်ကြီးချုပ်သစ် ဆာနာအဲ တာကာအိချိက ပြောကြားခဲ့အပြီးမှာ နှစ်နိုင်ငံဆက်ဆံရေး အတင်းမာဆုံး အခြေအနေ ရောက်လာခဲ့တာ ဖြစ်ပါတယ်။
တရုတ်ရဲ့ စီးပွားရေးနဲ့ စစ်ရေးအရ အနိုင်ကျင့် ခြိမ်းခြောက်တာ ခံရတဲ့နိုင်ငံ များလွန်းလို့ တနိုင်ငံချင်းတောင် နာမည်တပ်ပြောဖို့ ခက်တယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး လင်ချီယား-လွန်းက ပြောပါတယ်။
အခုလိုအချိန်မှာ တရုတ်ကွန်မြူနစ်တွေရဲ့ ဗိုလ်ကျအနိုင်ကျင့်တဲ့ အပြုအမူ ရပ်တန့်အောင် ဂျပန်ဘက်က ပံ့ပိုးရမယ်လို့ ပြောသလို ထိုင်ဝမ်ပြည်သူတွေအနေနဲ့လည်း ဂျပန်ပစ္စည်းတွေ ဝယ်ယူအားပေးကြဖို့ ဝန်ကြီးက တိုက်တွန်းထားပါတယ်။
ပေကျင်းဘက်ကတော့ ထိုင်ဝမ်ဟာ တရုတ်ပိုင်နက်ရဲ့ ခွဲမရတဲ့ အစိတ်အပိုင်းဖြစ်ပြီး လိုင်ချင်းတယ် အစိုးရ အနေနဲ့ ဘယ်လိုပဲ ဟန်ဆောင်ပြပြ ဒီအမှန်တရားကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မောင်နင်းက တုံ့ပြန် ပြောကြားခဲ့ပါတယ်။
Source: Reuters


