
တရုတ်နဲ့ သံတမန်ရေး တင်းမာမှု မြင့်တက်လာချိန်မှာ ဂျပန်ကို ထောက်ခံမယ်လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး လင်ချီယာ-လွန်က နိုဝင်ဘာ ၂၀ ရက်မှာ ကတိပြုခဲ့ပါတယ်။
အငြင်းပွားမှုအတွင်း နောက်ဆုံးအကြိမ် တိုက်ခိုက်မှုဖြစ်ပုံရတဲ့ အကွက်ရွှေ့မှုအဖြစ် တရုတ်က ဂျပန်ပင်လယ်စာ တင်သွင်းမှုအားလုံးကို ပိတ်ပင်မယ်လို့ ရိုးတိုးရိပ်တိပ် ပြောတဲ့အကြောင်း ဂျပန်မြို့တော်တိုကျိုမှာ အစိုးရအရာရှိ ၂ ယောက်က ပြောအပြီး ခုလို ကတိပြုလိုက်တာပါ။
တရုတ်ပြည်မကြီး အစိုးရဟာ ဒီလို စီးပွားရေးအနိုင်ကျင့်မှုနဲ့ စစ်ရေးခြိမ်းခြောက်မှုကို သုံးပြီး တခြားနိုင်ငံတွေကို အနိုင်ကျင့်တယ်၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ခရီးသွားလုပ်ငန်းအားလုံးကို လက်နက်အဖြစ်သုံးပြီး ထိုင်ဝမ် အပေါ် တိုက်ခိုက်ခဲ့တယ်လို့ ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ဒီနေ့ ပြောပါတယ်။
ထိုင်ဝမ်အပေါ် တရုတ်ရဲ့ တိုက်ခိုက်မှုဟာ ဂျပန်ရဲ့ရှင်သန်မှုကို ခြိမ်းခြောက်နေပြီး စစ်ရေးတုံ့ပြန်မှုကို ဖြစ်ပေါ်စေနိုင်တယ်လို့ ဂျပန်ဝန်ကြီးချုပ်သစ် ဆာနာအဲ တာ့ခါ့အိချီက အခုလထဲမှာ ပြောပြီးတဲ့ နောက် တရုတ်နဲ့ ဂျပန် နှစ်နိုင်ငံအကြား တင်းမာမှုတွေ ပေါ်ပေါက်လာပါတယ်။
မှတ်ချက်တွေကို ဂျပန်က ပြန်ရုပ်သိမ်းဖို့ တရုတ် အစိုးရက တောင်းဆိုခဲ့ပြီး တရုတ်နိုင်ငံသားတွေကို ဂျပန်နိုင်ငံဆီ မသွားဖို့ တိုက်တွန်းခဲ့ပါတယ်။
အဲဒီနောက် ကမ္ဘာ့စတုတ္ထအကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်တဲ့ ဂျပန်ကို ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်စေနိုင်တဲ့ ပင်လယ်စာ တင်ပို့မှုကို အစုလိုက်အပြုံလိုက် ဖျက်သိမ်းခဲ့ပါတယ်။
ဂျပန်နိုင်ငံဟာ ထိုင်ဝမ်နဲ့ တရားဝင်ဆက်ဆံရေးမရှိပေမဲ့ နှစ်နိုင်ငံဟာ ရေရှည်မဟာမိတ်တွေ ဖြစ်သလို အရေးကြီးတဲ့ ကုန်သွယ်ရေးမိတ်ဖက်တွေလည်း ဖြစ်ပါတယ်။
ဂျပန်နိုင်ငံဟာ ထိုင်ဝမ်ရဲ့ တတိယအကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး ထိုင်ဝမ်ကတော့ ဂျပန်အတွက် စတုတ္ထအကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက် ဖြစ်ပါတယ်။


