Home
နိုင်ငံတကာ
တနိုင်ငံ၊ စနစ်နှစ်မျိုးမူ လက်မခံဘဲ ဒီမိုကရေစီထိန်းသိမ်းမည်ဟု ထိုင်ဝမ်သမ္မတပြော
DVB
·
October 31, 2025
Photo: Reuters

ထိုင်ဝမ်ဟာ တရုတ်ရဲ့ “တနိုင်ငံ၊ စနစ်နှစ်မျိုး” မူကို ပယ်ချပြီးတော့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီကို ထိန်းသိမ်းကာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ ဆုံးဖြတ်ထားတယ်လို့ ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်က အောက်တိုဘာ ၃၁ ရက်မှာ ပြောပါတယ်။

ထိုင်ဝမ်အပေါ် အင်အားသုံးဖို့ကို လုံးဝမပယ်ချဘူးလို့ တရုတ်ပြောခွင့်ရပုဂ္ဂိုလ်က သတိပေးခဲ့ပါတယ်။

ဟောင်ကောင်နဲ့ မကာအိုမှာ ကျင့်သုံးသလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စနစ်တမျိုးနဲ့ ပြည်မကြီးလက်အောက်မှာ နေမယ်ဆိုရင်တော့ ညင်ညင်သာသာ အုပ်ချုပ်မယ်လို့ပါ ကတိပေးတဲ့ ဆောင်းပါးတွေ တရုတ်နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြအပြီးမှာ အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ထိုင်ဝမ်မြောက်ပိုင်း၊ ဟူးကိုး စစ်စခန်းမှာ အမေရိကန်လုပ် M1A2T Abrams တင့်ကားသစ်တွေ တပ်တော်ဝင်တဲ့ အခမ်းအနားမှာ သမ္မတလိုင်က ပြောကြားခဲ့တာပါ။

“ရန်စကျူးကျော်သူရဲ့ တောင်းဆိုချက်တွေကို လက်ခံပြီးတော့၊ အချုပ်အခြာအာဏာကို စွန့်လွှတ်လိုက်မယ်ဆိုရင် ငြိမ်းချမ်းရမှာမဟုတ်ပါဘူး။ ဒါကြောင့် ကျုပ်တို့ဟာ ဂုဏ်သိက္ခာရှိရှိ၊ ခိုင်ခိုင်မာမာနဲ့ ပိုနေမြဲကျားနေမြဲ အခြေအနေကို ထိန်းသိမ်းရမယ်။ သိမ်းပိုက်တာ၊ ရန်စကျူးကျော်တာ၊ အဓမ္မပေါင်းစည်းဖို့ လုပ်တာကို ခိုင်ခိုင်မာမာ ဆန့်ကျင်ရမယ်” လို့ လိုင်က ထိုင်ဝမ်စစ်သည်တွေကို ပြောကြားခဲ့ပါတယ်။

တရားဝင်အမည်အားဖြင့် တရုတ်သမ္မတနိုင်ငံ (Republic of China - ROC) လို့ ခေါ်ဝေါ်တဲ့ ထိုင်ဝမ်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (People's Republic of China - PRC) လို့ခေါ်ဝေါ်တဲ့ တရုတ်ပြည်မကြီးတို့ဟာ ဘယ်သူကမှ တခြားသူရဲ့လက်အောက်ခံ မဟုတ်ဘူးလို့ပါ မှတ်ချက်ပေးခဲ့ပါတယ်။

ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာကို စော်ကား၊ သိမ်းယူလို့ မရဘဲ ထိုင်ဝမ်အနာဂတ်ကို ပြည်သူတွေကပဲ ဆုံးဖြတ်ပေးလိမ့်မယ်လို့ပါ လိုင်က ပြောခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013