Home
နိုင်ငံတကာ
နေတိုးထိပ်သီးအစည်းအဝေးတွင် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရေးဆွေးနွေး 
DVB
·
June 25, 2025
Photo: REUTERS/Christian Hartmann/Pool

နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့မှာ အမေရိကန်၊ ကနေဒါနဲ့ ဥရောပနိုင်ငံ အများစုပါဝင်တဲ့ နေတိုးမဟာမိတ်အဖွဲ့က နှစ်စဉ် ပြုလုပ်နေကျ ထိပ်သီးအစည်းအဝေးကို ဇွန် ၂၄ နဲ့ ၂၅ ရက်နေ့တွေမှာ ၂ ရက်တာ ကျင်းပနေပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် က သူ့ဒုတိယသက်တမ်းအတွင်း ပထမဆုံးအကြိမ် တက်ရောက်လာပါတယ်။ 

လက်ရှိ နေတိုးအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် မာ့ခ်ရု(တဲ) ကလည်း နယ်သာလန် ဝန်ကြီးချုပ်ဟောင်း ဖြစ်တဲ့အလျောက် သူ့မိခင်နိုင်ငံမှာ အစည်းအဝေးကို ဦးဆောင်သွားရဖို့ ရှိနေပါတယ်။

အဲဒီနောက် ယူကရိန်းအပေါ် ရုရှား ကျူးကျော်မှု၊ အမေရိကန်ရဲ့ အနာဂတ်သဘောထားနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကြား ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရေးနဲ့ပတ်သက်ပြီး အကျေအလည် ဆွေးနွေးကြဖို့ မျှော်မှန်းထားပါတယ်။

ဒီစစ်ရေးမဟာမိတ်အဖွဲ့ရဲ့ ကာကွယ်ရေးအတွက် အမေရိကန်ဟာ ငွေကြေးပမာဏအားဖြင့် အများဆုံး ထည့်ဝင်ထားတဲ့ နိုင်ငံဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာဆိုရင် ဒေါ်လာ ၉၃၅ ဘီလီယံအထိ ရှိခဲ့ပါတယ်။

ဒါဟာ အမေရိကန်အတွက် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုး GDP ရဲ့  ၃ ဒသမ ၂ ရာခိုင်နှုန်း ဖြစ်သလို အခြား အဖွဲ့ဝင်နိုင်ငံအားလုံးပေါင်းရဲ့ ကာကွယ်ရေးအသုံးစရိတ်ထက်လည်း ၂ ဆနီးပါးရှိပါတယ်။ 

တဖက်မှာ GDP ရာခိုင်နှုန်းအရ ဆိုရင်တော့ ၂၀၂၄ ခုနှစ်အတွင်း ပိုလန်နိုင်ငံဟာ ၄ ဒသမ ၁ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ခဲ့ပြီး အက်စတိုးနီးယားနဲ့ လတ်ဗီးယားနိုင်ငံတွေက ၃ ဒသမ ၄ ရာခိုင်နှုန်း စီ ထည့်ဝင်ကာ ဒုတိယနေရာကို ပိုင်ဆိုင်ထားပါတယ်။

ဒါပေမဲ့ အမေရိကန် မပါရင်တောင် နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ စုစုပေါင်းထည့်ဝင်မှုဟာ ၂၀၁၄ ခုနှစ်မှာ GDP ရဲ့ ၁ ဒသမ ၄ ရာခိုင်နှုန်းသာ ပျှမ်းမျှရှိခဲ့ရာကနေ ၂၀၂၄ ခုနှစ်မှာတော့ ၂ ရာခိုင်နှုန်းအထိ တက်လာခဲ့ပါတယ်။ 

နေတိုးအဖွဲ့ဝင် စုစုပေါင်းရဲ့ ၃ ပုံ ၁ ပုံလောက်ရှိတဲ့ နိုင်ငံ ၉ ခုကတော့ GDP ရဲ့ ၂ ရာခိုင်နှုန်း ထည့်ဝင်ရမယ့် ရှိပြီးသား သတ်မှတ်ချက်ကိုတောင် မပြည့်မီသေးဘူးဆိုပြီး ဖော်ပြထားပါတယ်။

မကြာသေးခင်ကမှ အသစ်သတ်မှတ်လိုက်တဲ့ သဘောတူညီချက်အရ GDP ရဲ့ ၅ ရာခိုင်နှုန်းကို ထည့်ဝင်ရမှာဖြစ်ပြီး ‘ပင်မကာကွယ်ရေး’ နဲ့ လုံခြုံရေးလိုမျိုး ဆက်စပ်နယ်ပယ်တွေမှာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။ 

လွန်ခဲ့တဲ့နှစ်အတွင်း GDP ရဲ့ ၁ ဒသမ ၂ ရာခိုင်နှုန်းသာ ထည့်ဝင်ခဲ့တဲ့ စပိန်နိုင်ငံဟာ အနည်းဆုံးဖြစ်ခဲ့တဲ့အလျောက် ‘နာမည်ဆိုးနဲ့ကျော်ကြားတယ်’ ဆိုပြီး ထရမ့်ပ်အနေနဲ့ ဝေဖန်ခဲ့ပါသေးတယ်။ 

နေတိုးအဖွဲ့အကြီးအကဲ မာ့ခ်ရု(တဲ) ကတော့ ထရမ့်ပ်ကို အဖွဲ့ဝင်နိုင်ငံတွေရဲ့  အသုံးစရိတ် ထည့်ဝင်မှုတက်လာအောင် တွန်းအားပေးနိုင်ခဲ့တယ်ဆိုပြီး ချီးကျူးခဲ့ပါတယ်။

ဒါ့အပြင် အခုနှစ်အတွင်း ဥရောပနဲ့ ကနေဒါ ဟာ ယူကရိန်းအတွက် ဒေါ်လာ ၃၅ ဘီလီယံဖိုး စစ်ရေးအကူအညီပေးဖို့ရာ ကတိပြုထားပြီး ဖြစ်တယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013