
ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ စပိန်ကြယ်ပွင့် လာမိန်းယာမဲလ်ကို ထိန်းချုပ်ကစားနိုင်ခဲ့တဲ့ ချဲလ်ဆီး နောက်ခံလူကူကူရယ်လာကို တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက ချီးကျူးသွားပါတယ်။
ကူကူရယ်လာဟာ နိုင်ငံအသင်းဖော် လာမိန်းယာမဲလ်ကို တပွဲစလုံးမှာ ဂိုးပေါက်ကန်ချက်တကြိမ်သာ ခွင့်ပြုခဲ့ရတဲ့အထိ ထိန်းချုပ်ကစားနိုင်ခဲ့ပြီး ချဲလ်ဆီးအသင်းက ဘာစီလိုနာကို ၃ ဂိုး ဂိုးမရှိနဲ့အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲမှာ အကောင်းဆုံးကစားသမားတယောက် ဖြစ်ခဲ့တာပါ။
လာမိန်းယာမဲလ်ကို ဘယ်လိုထိန်းချုပ်ရမလဲ ဆိုတာ ကူကူရယ်လာက လုပ်ဆောင်ပြသွားပြီး ဘယ်နောက်ခံလူတယောက်က အခုလောက်အထိ ခြေစွမ်းပြ ကစားနိုင်တာကို မမြင်တွေ့ခဲ့ဖူးတာ ကာလကြာရှည်နေပြီဖြစ်ကြောင်း ဝိန်းရွန်းနီက ချီးကျူးပါတယ်။
အသက် ၂၇ နှစ်ရှိ စပိန်ကစားသမားဟာ ၂၀၂၂ ခုနှစ်ကတည်းက ဘရိုက်တန်ကနေပြောင်းရွှေ့လာသူ ဖြစ်ပြီး စပိန်နဲ့ အတူ ယူရို ၂၀၂၄ ချန်ပီယံဆုလည်း ရရှိထားသူ ဖြစ်ပါတယ်။
Photo:Reuters


