
ပဲခူးမြို့အတွင်းကို ခရီးသည်တင်မီနီဘတ်စ်တွေ ဝင်ရောက်ခွင့် ပိတ်လိုက်ပြီးနောက်မှာ အိမ်အရောက်ကြို/ ပို့ပေးတဲ့တက္ကစီတွေကို စီးနင်းအသုံးပြုတဲ့သူတွေ ပိုများလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရန်ကုန်နဲ့ ပဲခူးကို အိမ်အရောက် လာကြို၊ ပြန်ပို့ပေးသလို တန်ဆာပစ္စည်းတွေကိုလည်း သယ်ယူပို့ဆောင်ပေးတဲ့လုပ်ငန်းမှာ အရင်ကတည်းက ရှိနေပေမဲ့ ပဲခူးမြို့အတွင်း ယာဥ်ဝင်ခွင့် ကန့်သတ်လိုက်ပြီးနောက်မှာ ပိုအလုပ်ဖြစ်လာတယ်လို့ ယာဥ်မောင်းတယောက်က ပြောပါတယ်။
"အဆင့်ဆင့် ပြောင်းမစီးချင်တဲ့သူတွေက ခေါက်တိုတက္ကစီ စီးလာကြတာတွေ ရှိတယ်။ ကုန်ကျစရိတ်ပိုများပေမဲ့ အလုပ်မရှုပ်ချင်လို့ စီးကြတာ။ "
အခုနောက်ပိုင်းမှာ ပရိုဘောက်ကားတွေအပြင် EVတက္ကစီတချို့ကပါ ခေါက်တိုပြေးဆွဲနေပြီး တစီးကို ခရီးသည် ၄ ယောက်ပဲတင်ကာ နောက်ခန်းအတွက်တယောက်ကို ကျပ် ၂၀,၀၀၀ နဲ့ ရှေ့ခန်းဆိုရင် ကျပ် ၂၅, ၀၀၀ သတ်မှတ်ထားပါတယ်။
ရန်ကုန်-ပဲခူးပြေးဆွဲတဲ့ မီနီဘတ်စ်ယာဥ်တွေရဲ့ ယာဥ်စီးခ ကျပ် ၃,၀၀၀ ထက်ပိုများပေမဲ့ အိမ်အရောက်ပို့ ပေးတဲ့အတွက် ပြောင်းစီးဖြစ်တာလို့ ခရီးသည်တယောက်က ပြောပါတယ်။
"လိုင်းကားတွေဆိုလည်း အခုက စျေးပိုတောင်းလာတာတွေလုပ်နေတော့ မထူးဘူးလေ။ အဆင့်ဆင့်ပြောင်းစီးရလို့ ကုန်တာတွေလည်းရှိတော့ သိပ်မကွာဘူး။ အခုနောက်ပိုင်း အဲဒီလိုပဲ စီးဖြစ်တယ်။ အမြဲသွားလာနေတာလည်း မဟုတ်တော့လေ။"
ပဲခူးမြို့မှာ ယာဥ်ဝင်ခွင့်ကန့်သတ်လိုက်ပြီးနောက်ပိုင်း ရန်ကုန်ကို အသွား၊ အပြန် ရထားပြောင်းစီးသူတွေလည်း အရင်ထက်ပိုများလာတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
ပဲခူးမြို့အတွင်း ယာဥ်ကြောကျပ်တာ မဖြစ်ရအောင်ဆိုပြီး နိုဝင်ဘာ ၁၀ ရက်က စကာ ခရီးသည်တင်ယာဉ်တွေ ဝင်ရောက်ခွင့်ပိတ်လိုက်သလို အဝေးပြေးဝင်းကိုလည်း မြို့ရှောင်လမ်းရှိ ကလိကျေးရွာနားအထိ ပြောင်းရွှေ့ထားပါတယ်။


