Home
မြန်မာသတင်း
ရန်ကုန်တွင် ယာဉ်တိုက်မှုဖြစ်ပြီး ကလေးငယ် ၁ ဦးသေဆုံး၊ အမျိုးသမီး ၂ ဦး ဒဏ်ရာရ
DVB
·
April 3, 2024
CarAccident_03042024

ရန်ကုန်၊ အင်းစိန်မြို့နယ်နဲ့ သန်လျင်မြို့နယ်တို့မှာ ဧပြီ ၂ ရက်က ယာဉ်တိုက်မှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ၂ နှစ်သမီးတဦး သေဆုံးကာ အမျိုးသမီးနှစ်ဦး စိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ခံလူမှုကူညီရေးအသင်းတွေက ဆိုပါတယ်။

အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး၊ ကြို့ကုန်းမီးပွိုင့်အနီးမှာ ည ၉ နာရီ မိနစ် ၄၀ လောက်က တက္ကစီပရိုဘောက်နဲ့ လိုက်ထရပ်ဖယ်ရီကား တိုက်မိခဲ့ကြပါတယ်။

လိုက်ထရပ်ကား အနောက်ပိုင်းကို တက္ကစီက အရှိန်လွန် ဝင်တိုက်မိတာကြောင့် လိုက်ထရပ် ဖယ်ရီပေါ်ပါ ဝန်ထမ်းအမျိုးသမီးနှစ်ဦးမှာ ကားပေါ်က လွင့်ကျခဲ့တာပါ။

မြို့ခံလူမှုကူညီရေးအသင်းဝင်တဦးက “လိုက်ထရပ်နဲ့ တက္ကစီနဲ့ တိုက်တာ။ တက္ကစီက ဘုရင့်နောင်ဘက်ကနေ အဆင်း။ လိုက်ထရပ်က BPI ဆေးဝါးစက်ရုံဘက်ကို အကွေ့မှာ တက္ကစီက အရှိန်နဲ့ ဝင်တိုက်လိုက်တာ။ လိုက်ထရပ်ပေါ်က အမျိုးသမီးနှစ်ဦးက မြေပြင်ပေါ် ပြုတ်ကျသွားတယ်။ အင်းစိန်ဆေးရုံကြီးကို ပို့ပေးထားပါတယ်” လို့ ပြောပါတယ်။

အဆိုပါနေရာကို တွဲလက်အသင်း၊ မြတ်ကုသိုလ်အသင်းနဲ့ အင်းစိန်မြို့နယ် မြို့သစ် က+ခ အရန်တပ်ဖွဲ့ဝင်တွေက လာရောက်ကူညီ‌ကယ်ဆယ်ခဲ့ကြတာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် အမျိုးသမီးမှာ နားသွေးထွက်၊ ဦးခေါင်းထိခိုက် အတွင်းဒဏ်ရာ၊ အသက် ၄၀ အရွယ် အမျိုးသမီးမှာ နှာခေါင်းရိုးကျိုး၊ ခေါင်းထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် ကယ်ဆယ်ရေးအသင်းယာဉ်တွေနဲ့ အင်းစိန်ဆေးရုံ အရေးပေါ်ဌာနကို ပို့ဆောင်ပေးခဲ့ကြပါတယ်။

ကားနှစ်စီးစလုံးက ယာဉ်မောင်းတွေမှာ ထိခိုက်ဒဏ်ရာမရဘူးလို့ သိရပြီး တက္ကစီယာဉ်မောင်းကို အင်းစိန်ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဧပြီ ၂ ရက်မှာပဲ သန်လျင်မြို့နယ်၊ သိမ်ကျောင်းလမ်း၊ မြို့မဈေးအနီး ဒါကာမှတ်တိုင်မှာ မနက် ၁၀ နာရီခွဲလောက်က ၂ နှစ်အရွယ် မိန်းကလေးတဦးဟာ YBS 70 တက်‌ကြိတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံလူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

သေဆုံးသွားသူ မိန်းကလေးဟာ အဘွား၊ အမေဖြစ်သူတို့နဲ့ ကားပေါ်ကဆင်းနေချိန် YBS ယာဉ်မောင်းက မောင်းထွက်သွားရာက ကလေးငယ်ရဲ့ဦးခေါင်း တက်ကြိတ်ခံရပြီး သေဆုံးသွားခဲ့တာပါ။

အနီးအနားရှိသူတွေရဲ့ ပြောပြချက်အရ YBS 70 နဲ့ တခြား YBS တစီးဟာ ကားပြိုင်မောင်းလာတာဖြစ်ပြီး ကားမှတ်တိုင်ကနေ အမြန်မောင်းထွက်ရာက လူသေဆုံးမှုအထိ ဖြစ်ပေါ်ခဲ့တာလို့ သိရပါတယ်။

မြို့ခံတဦးက “သူတို့က မြို့မဈေးမှာဆင်းမယ့် ခရီးသည်တွေပါ။ ကလေးလေးတယောက်ရယ်၊ အမျိုးသမီးနှစ်ဦးရယ် ပါတယ်။ ဆင်းမယ့်မှတ်တိုင်ကို ဘဲလ်တီးတယ်၊ ကားအချင်းချင်း ပြိုင်မောင်းနေတော့ မရပ်ပေးဘူး။ ရပ်ပေးတဲ့မှတ်တိုင်ကြတော့လည်း မှတ်တိုင်လွန်ပြီးမှ ရပ်ပေးတာ။ အဲ့ဒီမှာ မအေက ကလေးကို လက်ကိုဆွဲပြီး ဆင်းမလို့ ခြေထောက်တဖက်ပဲ ချရသေးတယ်။ ကားက ပြန်မောင်းထွက်သွားလို့ ခြေချော်သွားတာ။ အမေရော ကလေးရော လဲသွားပြီး ကလေးက ကားဘီးအောက်ထဲ ရောက်သွားတာ” လို့ ပြောပါတယ်။

YBS 70 ယာဉ်မောင်းကို သန်လျင်မြို့မရဲစခန်း ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ကို ဖုန်းဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013