ရန်ကုန်မြို့မှာ ရာသီဥတုပူပြင်းလာသလို လျှပ်စစ်မီးပြတ်ချိန်တွေလည်း ပိုတိုးလာတာကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ ဖျားနာတာတွေ များလာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
လျှပ်စစ်မီးဟာ ညအိပ်ချိန်တွေမှာ ပြတ်တောက်မှု များလာတာကြောင့် ရာသီဥတုပူတဲ့ ဒဏ်နဲ့အတူ အိပ်ရေးပျက်ကာ နေထိုင်မကောင်းဖြစ်လာကြတာလို့ ဆိုပါတယ်။
လှိုင်မြို့နယ်မှာ နေထိုင်သူတဦးက “ရန်ကုန်က တိုက်ခန်းနေတဲ့သူတွေဆို ပိုသိသာတာ။ ည မီးပျက်ပြီဆိုရင် ဘယ်လိုမှ အိပ်မရတော့ဘူး။ အိမ်က သားလည်း နေမကောင်းဖြစ်နေတယ်။ ဆေးခန်းသွားပြတော့လည်း လူနာတွေအများကြီး”လို့ ပြောပါတယ်။
အဲဒီလို လျှပ်စစ်မီးမလာတာနဲ့ ရာသီဥတု ပူပြင်းတာတွေကြောင့် အလုပ်သမားတွေလည်း အိပ်ရေးမဝလို့ ကျန်းမာရေးထိခိုက်မှုတွေရှိလာတယ်လို့ ဆိုပါတယ်။
စက်ရုံလုပ်သားတွေအနေနဲ့ လုပ်ငန်းခွင်မှာလည်း လုံလောက်တဲ့ လေအေးပေးမှု မရတာကြောင့် ပိုပြီး အားအင်ကုန်ဆုံးမှုတွေရှိလာတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
ရွှေပြည်သာမြို့နယ်မှ စက်ရုံလုပ်သားတဦးက “ညလည်း မီးကပြတ်၊ ပူလို့ ကောင်းကောင်းမအိပ်ရဘူး။ မနက်အစောကြီးထ အလုပ်ဆင်းရလို့ အလုပ်ထဲရောက်တော့လည်း ပူလို့ အတော်အားစိုက်လုပ်ရတယ်။ လူတွေလည်း တနေ့တနေ့ နုံးချည့်နေရော”လို့ ပြောပါတယ်။
ရန်ကုန်မှာ ဒီရက်ပိုင်း နေ့အပူချိန်ဟာ ၃၉ ဒီဂရီစင်တီဂရိတ်ထိရှိနေပြီး နောက်ရက်တွေမှာ အပူချိန် ထပ်တိုးနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။
လျှပ်စစ်မီးအနေနဲ့လည်း အရင်နေ့ပိုင်း လေးနာရီခြား ပေးနေရာကနေ မီးလာချိန် ပြတ်သွားတာတွေ ရှိလာပြီး ညဘက်လည်း မကြာခဏ မီးပြတ်တာတွေရှိနေတာ ဖြစ်ပါတယ်။