Home
မြန်မာသတင်း
အကျဉ်းထောင်များ၌ ၃ လအတွင်း နိုင်ငံရေးအကျဉ်းသူ ၂ ဦးအပါအဝင် ၈ ဦး သေဆုံး
DVB
·
April 3, 2024
MndalayPrison_03042024

၂ဝ၂၄ ခုနှစ် ပထမသုံးလအတွင်း အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီး နှစ်ဦး အပါအဝင်အနည်းဆုံး သေဆုံးသူ ရှစ်ဦးရှိပြီး ထိန်းသိမ်းခံထားရသူတွေရဲ့ အသက်အာမခံချက် မရှိတဲ့အထိ ဆိုးဝါးနေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။

ဇန်နဝါရီ ၁ ရက်မှ မတ် ၂၉ ရက်အထိ အကျဉ်းထောင်တွေမှာ သေဆုံးသူဦးရေ အမျိုးသမီး နှစ်ဦးအပါအဝင်  ရှစ်ဦးထက်မနည်း ရှိခဲ့ပြီး သေဆုံးသူအားလုံးက နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။

သေဆုံးသူတွေဟာ မန္တလေးအကျဉ်းထောင်က တဦး၊ ကျိုက်မရောထောင်က နှစ်ဦး၊ အင်းစိန်ထောင်က တဦး၊ မကွေးထောင်က တဦး၊ ဒိုက်ဦးထောင်က နှစ်ဦးနဲ့ ထားဝယ်ထောင်က တဦးတို့ ဖြစ်ကြပြီး လုံလောက်တဲ့ ဆေးကုသခွင့်မရမှု၊ ကျန်းမာရေးဆိုးရွားမှုနဲ့ ပစ်ခတ် သတ်ဖြတ်ခံရမှုတို့ကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ AAPP က ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်တွင်း ထိန်းသိမ်းခံထားရသူတွေရဲ့ အသက်အာမခံချက်မရှိမှု အခြေအနေက ဆက်လက်ဆိုးရွားနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံရေးအရ သူတို့နဲ့ ကွဲလွဲဆန့်ကျင်နေသူတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ထောင်တွင်း လူသတ်မှု ကျူးလွန်နေတာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုးက မှတ်ချက်ပြုပါတယ်။

တော်လှန်ရေးအလွန်ကာလမှာ စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို အပြစ်ပေးနိုင်ရေး ကြိုးပမ်းနေတယ်လို့လည်း ဒုဝန်ကြီးက ဆိုပါတယ်။

အာဏာသိမ်းပြီးချိန်ကနေ လက်ရှိအချိန်အထိ အကျဉ်းထောင်တွေမှာ သေဆုံးသူစုစုပေါင်းက ၈၂ ဦးထက်မနည်းရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဆိုပါတယ်။

၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံရသူ ၂၆၀၀၀ ကျော်ရှိပြီး ၂၀၀၀၀ လောက်က  ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်တယ်လို့AAPP က ထုတ်ပြန်ထားပါတယ်။

ဖူးအိအိနွယ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013