Home
မြန်မာသတင်း
အောင်မင်္ဂလာအဝေးပြေးတွင် ဆိုင်ကယ်ကယ်ရီနှင့် တက္ကစီများထံမှ လိုင်းကြေးကောက်
DVB
·
November 14, 2024

အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်း ဆိုင်ကယ် ကယ်ရီနဲ့ တက္ကစီမောင်းသူတွေအနေနဲ့ စစ်တပ်ကို လိုင်းကြေးပေးသွင်းနေရတယ်လို့ ကိုယ်တိုင်ကြုံရသူတွေဆီကသိရပါတယ်။

ဒီလဆန်းကစပြီး ဆိုင်ကယ်တစီးကို ကျပ် ၅၂၀၀၀ နဲ့ တက္ကစီက ကျပ် ၂ သောင်းပေးသွင်းနေရတာလို့ ဆိုပါတယ်။

ဆိုင်ကယ်ကယ်ရီသမားတယောက်က “လစဥ်သွင်းရမှာလား ဘာလားတော့ မသိဘူး။ ငွေသွင်းထားတဲ့စာရင်းထဲ မပါရင် ဖမ်းမယ်ဆိုလို့ သွားပေးထားရတယ်။ ယာဥ်အမှုအခင်းကိစ္စကလွဲရင် အဖမ်းအဆီးမလုပ်ဘူးလို့ ပြောတယ်” လို့ ပြောပါတယ်။

ငွေပေးသွင်းထာတဲ့ ဆိုင်ကယ်တွေကို ‘Security’ စာတန်းပါ စတေကာကပ်ပေးပြီး ငွေမသွင်းထားတဲ့ အပြင်ဆိုင်ကယ်တွေ အဝေးပြေးဝင်းထဲရောက်ရင် ဖမ်းဆီးနေတယ်လို့ အဲဒီမှာ နေထိုင်သူတချို့က ဆိုပါတယ်။

အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်း နေထိုင်သူတယောက်က “ငွေသွင်းတဲ့သူတွေက ဖောင်တွေလည်း ဖြည့်ရတယ်။ အဲဒီမှာ မသင်္ကာတဲ့ဟာမျိုးတွေ့ရင် သတင်းပို့ရမယ်ဆိုတဲ့ အချက်တွေလည်း ပါတယ်။ ပိုက်ဆံက စစ်တပ်ကို သွင်းရတာ။ စစ်တပ်ကလုပ်တဲ့ကိစ္စ ဖြစ်နေတော့ စည်ပင်ကလည်း ဝင်မပါရဲဘူး” လို့ ပြောပါတယ်။

ရန်ကုန်မြို့ရှိ ရပ်ကွက်တချို့မှာ ပြီးခဲ့တဲ့လပိုင်းတွေကလည်း ဘေးတွဲဆိုင်ကယ်တချို့ဆီက ငွေကောက်ကာ ‘ပသလခရ’ စာတန်းပါ စတေကာကပ်ပေးပြီး အဖမ်းအဆီးမရှိ လုပ်ကိုင်ခွင့်ပေးတာတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီက ဆိုင်ကယ်နဲ့ ဘေးတွဲမောင်းသူတွေကို လုပ်ပိုင်ခွင့်ပေးပြီး ပြည်သူ့လုံခြုံရေးအဖွဲ့ထဲ ဆွဲထည့်ကာ တော်လှန်ရေးနဲ့ ဆက်စပ်သူတွေရဲ့သတင်း စုဆောင်းတဲ့သဘော ဖြစ်တယ်လို့လည်း အုပ်ချုပ်ရေးအပိုင်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013