
တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံး ဝက်မွေးမြူရေးဒေသဖြစ်တဲ့ တောင်ပိုင်း ချွန်းချောင်းပြည်နယ်ရှိ ဒန်းဂျင်းမြို့က ဝက်ခြံတခုမှာ အာဖရိကဝက်တုပ်ကွေး (ASF) ဖြစ်ပွားခဲ့တာကြောင့် အာဏာပိုင်တွေဟာ အမျိုးသားအဆင့်သတိပေးချက်ကို "ပြင်းထန်တဲ့" အဆင့်ထိ မြှင့်တင်လိုက်ဖို့ တွန်းအားပေး လုပ်ဆောင်ခဲ့ကြောင်း တောင်ကိုရီးယားက နိုဝင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။
ဒန်းဂျင်းမြို့ရှိ ဝက်မွေးမြူရေးခြံ တခြံမှာ ပြင်းထန် ဝက်တုပ်ကွေး ဖြစ်ပွားမှုကြောင့် ဝက်ကောင်ရေ ၁၄၂၃ ကောင်ကို သုတ်သင်ခဲ့ပြီး အာဏာပိုင်တွေဟာ ဆက်စပ်ဝက်ခြံ ၁၄၀ လောက်မှာလည်း နောက်ထပ်ကူးစက်မှုတွေ ရှိ၊ မရှိကို အနီးကပ်စောင့်ကြည့်နေကြောင်း တောင်ကိုရီးယား စိုက်ပျိုးရေးဝန်ကြီးဌာနက ကြေညာချက်တစောင်မှာ ပြောကြားခဲ့ပါတယ်။
ဝန်ကြီးဌာနဟာ နောက်ထပ်ပျံ့နှံ့မှုအန္တရာယ်ကို ထိန်းချုပ်ဖို့ နိုင်ငံအတွင်းရှိ ဝက်ခြံတွေနဲ့ တခြားမွေးမြူရေးခြံတွေအားလုံးကို ၄၈ နာရီကြာ "လုပ်ငန်းရပ်တန့်ထားဖို့" အမိန့်ထုတ် ပြန်ခဲ့ပါတယ်။
အခုနှစ် တောင်ကိုရီးယားမှာ ASF ဝက်တုပ်ကွေးကပ်ရောဂါ ဖြစ်ပွားမှုဟာ ၆ ကြိမ်မြောက် သီးခြား ဖြစ်ပွားမှုဖြစ်ပေမဲ့ အရင်က တခါမှ ဖြစ်ပွားမှု မရှိခဲ့တဲ့ နိုင်ငံရဲ့ အကြီးဆုံး ဝက်မွေးမြူရေး ဒေသဖြစ်တဲ့ တောင်ပိုင်း ချွန်းချောင်းပြည်နယ်မှာတော့ ပထမဆုံးအကြိမ် ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။
Source: Reuters


