
ကိုရီးယားကျွန်းဆွယ်ရဲ့ အနောက်တောင်ဘက်အစွန်ဆုံးမှာ လူ ၂၆၇ ယောက် လိုက်ပါသွားတဲ့ တောင်ကိုရီးယား ကူးတို့သင်္ဘောတစင်း ကမ်းတက် သောင်တင်သွားခဲ့လို့ နိုဝင်ဘာ ၂၀ ရက်မှာ သင်္ဘောပေါ်ပါ ခရီးသည်နဲ့ ဝန်ထမ်းအားလုံးကို ကယ်တင်ခဲ့ပြီးနောက်မှာ ဆိပ်ကမ်းကို ပြန်လည်ရောက်ရှိလာပါတယ်။
လက်ရှိအချိန်မှာ အရှေ့အလယ်ပိုင်းဒေသကို ခရီးသွားနေတဲ့ တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင် ဟာ ထိခိုက်သေဆုံးမှုတွေကို ကာကွယ်နိုင်ဖို့အတွက် သင်္ဘောပေါ်ရှိ လူအားလုံးကို မြန်မြန်ဆန်ဆန် ကယ်တင်ဖို့ အမိန့်ပေးခဲ့ပြီး ဖြစ်တာနဲ့တပြိုင်နက် လုပ်ငန်းစဉ်အသေးစိပ်ကို လူသိရှင်ကြား ထုတ်ပြန်ဖို့ အမိန့်ပေးခဲ့တယ်လို့ ယွန်ဟက်ပ် သတင်းမှာ ဖော်ပြပါတယ်။
တန်ချိန် ၂၆,၀၀၀ ရှိတဲ့ ကွီးန်-ဂျယ်နူးဗီယာ တူး ကူးတို့သင်္ဘောဟာ ဂျယ်ဂျူးကျွန်းမှ မုခ်ဖိုကို ခုတ်မောင်းနေတာ ဖြစ်ပြီး သင်္ဘောဟာ ဂျင်ဒို အနီးရှိ ကျောက်ဆောင်ကျွန်းတကျွန်းကို ဝင်တိုက်မိခဲ့တာဖြစ်ကြောင်း ကမ်းရိုးတန်းစောင့်တပ်မှ တာဝန်ရှိသူက ပြောပါတယ်။
ကမ်းခြေစောင့်တပ်ဟာ ထိခိုက်မှုဖြစ်ထားတဲ့ သင်္ဘောမှ ခရီးသည်တွေနဲ့ သင်္ဘောသားတွေကို သွားရောက်ခေါ်ဆောင်ခဲ့ပြီး လူ ၂၇ ယောက်ဟာ အသေးစားဒဏ်ရာတွေ ရရှိခဲ့ကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။
တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ကတော့ ခရီးသည်တင် ကူးတို့သင်္ဘော သောင်တင်ရတာဟာ ကပ္ပတိန် သို့မဟုတ် ရေကြောင်းပြအရာရှိရဲ့ ပေါ့လျော့မှုကြောင့် ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပေမဲ့ ဒီဖြစ်ရပ်ကို ကမ်းခြေစောင့်တပ်က အသေအချာ စုံစမ်းစစ်ဆေးသွားမယ်လို့ အဖွဲ့အစည်းရဲ့ အထွေထွေကော်မရှင်နာ ဂင်မ်ယုံးဂျင်းက ပြောပါတယ်။
ဒီဖြစ်ရပ်မှာ လူ ၂၆၇ ယောက်လုံးကို ကယ်တင်နိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်က လူ ၃၀၀ သေဆုံးခဲ့ရတဲ့ ကူးတို့သင်္ဘော မတော်တဆမှုတွေကို ပြန်လည်အမှတ်ရစေခဲ့ပါတယ်။
Source: Reuters


