
ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ နိုဝင်ဘာ ၂၄ ရက် မနေ့ ညနေက ယှဉ်ပြိုင်ကစားခဲ့တဲ့ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲမှာ မြန်မာလူငယ်အသင်းက နီပေါလူငယ်အသင်းကို (၄-၀) ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိသွားပါတယ်။
မနေ့ညက ကစားခဲ့တဲ့ပွဲမှာ ပထမပိုင်း ပွဲချိန် ၁၃ မိနစ်မှာပဲ မြန်မာရှေ့တန်းတိုက်စစ်မှူး ရဲနိုင်အောင်က အဖွင့်ဂိုး သွင်းယူပေးခဲ့လို့ ပထမပိုင်းမှာ မြန်မာအသင်းက ၁ ဂိုးအသာနဲ့ ဦးဆောင်နေခဲ့ပါတယ်။
ဒုတိယပိုင်းပြန်စပြီး ၆၈ မိနစ်မှာ မြန်မာအသင်းခေါင်းဆောင် အောင်သီဟက နီပေါဂိုးပေါက်ရှေ့ ရှုပ်ယှက်ခတ်နေတဲ့ ကစားသမားတွေအကြား ကန်သွင်းယူခဲ့လို့ မြန်မာအသင်း ဒုတိယဂိုး ရရှိသွားပါတယ်။
ပွဲချိန် မိနစ် ၈၀ မှာလည်း မြန်မာအသင်းခေါင်းဆောင် အောင်သီဟ ကန်တင်ပေးတဲ့ ဘောလုံးကို နောက်တန်းကစားသမား မျိုးခန့်ကျော်က ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ မြန်မာအသင်း တတိယမြောက် အနိုင်ဂိုး ရရှိသွားပါတယ်။
ပွဲချိန် ၈၂ မိနစ်မှာတော့ မြန်မာကွင်းလယ်ကစားသမား ဝင်းမင်းသန့်က အဝေးကန်ချက်နဲ့ လှလှပပ ကန်သွင်းယူခဲ့လို့ ပွဲအပြီးမှာ မြန်မာအသင်းက နီပေါအသင်းကို ၄ ဂိုးပြတ်အနိုင်သွားတာဖြစ်ပါတယ်။
မြန်မာယူ-၁၇ အသင်း နည်းပြချုပ် ဦးကျော်ဇေယျက “ကျနော်တို့ ဒီပွဲအတွက် ပြင်ဆင်ခဲ့ပါတယ်။ ပထမပွဲတုန်းကျ ကျနော်တို့ သိပ်ပြီး organize (စုစည်းမှု) သိပ်မဖြစ်ဘူး။ ဒီပွဲမှာတော့ စုစည်းမှုရှိပြီး ကလေးတွေ ကြိုးစားတဲ့အတွက် ဒီလို ဂိုးပြတ်အနိုင်ရရှိတာပါ”လို့ ပွဲအပြီးမှာ ပြောပါတယ်။
မြန်မာလူငယ်အသင်း ပြီးခဲ့တဲ့ပွဲစဉ်မှာ အာဖဂန်နစ္စတန်လူငယ်အသင်းကို (၃-၁) ဂိုးနဲ့ အနိုင်ရရှိထားတဲ့အတွက် ၂ ပွဲကစား ၂ ပွဲနိုင်နဲ့ အုပ်စု G မှာ ရမှတ် ၆ မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
မနေ့ညနေက ရန်ကုန်မှာပဲ ကစားသွားတဲ့ ဆီးရီးယားနဲ့ အိုမန်လူငယ်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ အိုမန်အသင်းက ဆီးရီးယားကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
မြန်မာလူငယ်အသင်းဟာ ၂၀၂၆ ခုနှစ် ဆော်ဒီအာရေဗျမှာ ကျင်းပမယ့် အာရှဖလား ယူ-၁၇ ခြေစစ်ပွဲ အောင်မြင်ဖို့အတွက် ဆီးရီးယားနဲ့ အိုမန်းအသင်းတွေနဲ့ ဆက်လက်ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။


