
အသက် ၄၀ အရွယ် ကမ္ဘာကျော်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဘိုင်စကယ်ကစ် နောက်ပြန်ကန်ချက်နဲ့ လှလှပပ ဂိုးသွင်းယူနိုင်ခဲ့ကာ အယ်လ်နာဆာအသင်းကို အမှတ်ပေးဇယားထိပ်မှာ ဆက်လက်ဦးဆောင်နိုင်အောင် ကူညီပေးခဲ့ပါတယ်။
နိုဝင်ဘာ ၂၃ ရက် မနေ့က ကစားခဲ့တဲ့ ဆော်ဒီ ပရိုလိဂ်ပွဲစဉ်တခုမှာ ရော်နယ်ဒို ဦးဆောင်တဲ့ အယ်လ်နာဆာအသင်းက အယ်လ်ခါလိဂ်ျအသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲမှာ ရော်နယ်လ်ဒိုဟာ နာကျင်အချိန်ပို ၆ မိနစ်မှာ အသင်းဖော် နာဝါဖ် ဘူရှယ်ရဲ့ ညာတောင်ပံကနေ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ပင်နယ်တီဧရိယာအလယ်ကနေ ဘိုင်စကယ်ကစ်နဲ့ ခုန်ပျံကန်သွင်းခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုအတွက်တော့ ဒီဂိုးဟာ သူ့ရဲ့ ကစားသမားဘဝတလျှောက် ၉၅၄ ဂိုးမြောက် သွင်းဂိုးလည်း ဖြစ်လာခဲ့ပါတယ်။
အယ်လ်နာဆာအသင်းဟာ ဒီရာသီမှာ ကစားခဲ့တဲ့ ပွဲစဉ် ၉ ပွဲစလုံးကို အနိုင်ရရှိထားပြီး ရမှတ် ၂၇ မှတ်အပြည့် ရရှိထားကာ ဆော်ဒီ ပရိုလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ၄ မှတ်အသာနဲ့ ဆက်လက်ရပ်တည်နေပါတယ်။
အယ်လ်နာဆာအသင်း မန်နေဂျာ ဂျေးဇူးစ် ကတော့ ရော်နယ်လ်ဒိုရဲ့ဂိုးဟာ အံ့မခန်းဖြစ်ပေမဲ့ သူ့အတွက်တော့ ပုံမှန်ပါပဲလို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဂျေးဇူးစ်က “ဒီနေ့ ခရစ္စရဲ့ဂိုးက အံ့မခန်းဂိုးတဂိုးပါ။ သူ့ကစားသမားဘဝမှာ အလားတူဂိုးတွေ မသွင်းဖူးတာ မဟုတ်ပါဘူး။ ဒါကြောင့် ဒါက သူ့အတွက် ပုံမှန်ပါပဲ၊ သူက ငယ်ငယ်ကတည်းက ဂိုးတွေသွင်းခဲ့တာပါ” လို့ ပြောပါတယ်။
ရော်နယ်ဒိုရဲ့ ပရိသတ်တွေကတော့ အသက် ၄၀ အရွယ် ဘောလုံးသမားတယောက်အနေနဲ့ အခုလို နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းနိုင်တဲ့အပေါ် ရှားရှားပါးပါး စွမ်းဆောင်ရည် ဖြစ်တယ်လို့ ချီးကျူး ဂုဏ်ပြုနေကြပါတယ်။
Source: Onefootball/ BBC


