
ပေါ်တူဂီအသင်းဟာ အသင်းခေါင်းဆောင် စီရော်နယ်ဒိုရဲ့ နိုင်ငံတကာပွဲ ပထမဆုံးအနီကတ်နဲ့အတူ အိုင်ယာလန်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။
ပေါ်တူဂီအသင်းဟာ အိုင်ယာလန်ကို အနိမ့်ဆုံး သရေကစားနိုင်ရုံနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်မှာဖြစ်ပေမဲ့ ၂ ဂိုးပြတ် ရှုံးနိမ့်သွားခဲ့ရတာပါ။
ဒပ်ဗလင်မှာ ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ စီရော်နယ်ဒို ဦးဆောင်ကစားခဲ့တဲ့ ပေါ်တူဂီအသင်းက ဂိုးသွင်းခွင့် အများအပြား ရခဲ့ပေမဲ့ ပွဲအစ ၁၇ မိနစ်မှာပဲ အိုင်ယာလန်အသင်းက ဦးဆောင်ဂိုးသွင်းခဲ့ပြီး ပွဲချိန် ၄၅ မိနစ်မှာ ဒုတိယဂိုး ထပ်ပေးခဲ့ရလို့ ပထမပိုင်းကတည်းက ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်နေခဲ့တာပါ။
ဒုတိယပိုင်း ၅၉ မိနစ်မှာ အိုင်ယာလန်နောက်ခံလူ အိုရှီယာကို တံထောင်နဲ့ ရိုက်ခဲ့မိတဲ့ စီရော်နယ်ဒိုဟာ တိုက်ရိုက်အနီကတ် ပြသခံခဲ့ရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။
ဒီရှုံးပွဲကြောင့် ပေါ်တူဂီအသင်းက အာမေးနီးယားနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အနိုင်ရလဒ် ရယူနိုင်မှသာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်မှာပါ။
စီရော်နယ်ဒိုဟာလည်း အခုပွဲက တိုက်ရိုက်အနီကတ်ကြောင့် အာမေးနီးယားနဲ့ပွဲအပြင် ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်ကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်တော့မှာ ဖြစ်ပါတယ်။


