
မြန်မာနိုင်ငံတောင်ပိုင်းမှာ ဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုအားကောင်းလာပြီး မနက်ဖြန်မှာ မုန်တိုင်းငယ် ဖြစ်လာနိုင်တယ်လို့ မိုးလေဝသဌာနက နိုဝင်ဘာ ၂၃ ရက် ဒီနေ့လယ်မှာ ထုတ်ပြန်ပါတယ်။
ဒီမနက် ၁၀ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ မလက္ကာရေလက်ကြားနားမှာဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း ဖြစ်လာပြီလို့ ဆိုပါတယ်။
အဲဒီ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းဟာ အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်ပြီး မနက်ဖြန်မှာ ပိုအားကောင်းလာနိုင်သလို ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာ မုန်တိုင်းငယ် ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီကတဆင့် အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာပြီးနောက် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။


