
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နားနဲ့ မြန်မာနိုင်ငံတောင်ပိုင်းမှာ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသဌာနက နိုဝင်ဘာ ၂၃ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
ဒီနေ့ မွန်းလွဲ ၁ နာရီ ၄၂ မိနစ်က မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့ရဲ့ မြောက်-အရှေ့မြောက်ဘက် ၁၀ မိုင်လောက်အကွာမှာ အနက် ၁၅ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားပမာဏ ၃ ဒသမ ၂ ရစ်ချ်တာစကေးနဲ့ လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီငလျင်ဟာ ပြီးခဲ့တဲ့ စစ်ကိုင်းအင်အားပြင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲဖြစ်ပြီး မြေငလျင်သတင်းအမှတ်စဉ် ၂၄၆ အဖြစ် ထုတ်ပြန်လာတာဖြစ်ပါတယ်။
ဒီမနက် ၁၁ နာရီ ၉ မိနစ်ကလည်း ထားဝယ်မြေငလျင်စခန်းရဲ့ အနောက်တောင်ဘက် ၁၁၅ မိုင်လောက်အကွာ၊ လောင်းလုံမြို့ရဲ့ အနောက်တောင်ဘက် ၁၀၇ မိုင်လောက်အကွာမှာ အနက် ၁၅ ကီလိုမီတာကိုဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၄ ဒသမ ၉ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ရှားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီနေရာမှာ ပြီးခဲ့တဲ့လပိုင်းတွေတုန်းက မကြာခဏဆိုသလို အင်အား ရစ်ချ်တာစကေး ၅ ဝန်းကျင်ရှိတဲ့ ငလျင်တွေ လှုပ်ခတ်နေခဲ့တာပါ။


