
မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်နယ်စပ်ကို ဗုံးကြဲဖို့ရောက်လာတဲ့ စစ်တပ်ရဲ့ ပါရာမော်တာ ၁ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ မြိုင်ပကဖက နိုဝင်ဘာ ၂၂ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
ဒီနေ့ ညနေ ၅ နာရီကျော်မှာ ပခုက္ကူ တပ်မ ၁၀၁ ကနေ ပါရာမော်တာ ၂ စင်းတက်လာလို့ မြေပြင် တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းဝန်းပစ်ခတ်ရာကနေ ၁ စင်းက ပျက်ကျသွားခဲ့ပြီး ယာဥ်ပေါ်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ လွတ်မြောက်နေတယ်လို့ သိရပါတယ်။
မြေပြင်ရဲဘော်တယောက်က “တပ်မ ၁၀၁ ခွေးခြံထဲကနေ တက်လာတာပေါ့ဗျာ။ မြိုင်နယ်စပ်ကို လာပြီးဗုံးကြဲတာ။ တော်လှန်ရေးတပ်ဖွဲ့တွေကပစ်တာ မှန်ပြီး ပျက်ကျတဲ့အနေအထားမှာ ပါရာမော်တာကတွေ့တယ်ဗျ၊ အဲဒီက ခွေး(စစ်ကောင်စီတပ်ဖွဲ့ဝင်)နှစ်ကောင်ကတော့ လိုက်ဖမ်းတုန်းပဲဗျ” လို့ ပြောပါတယ်။
အဲဒီပါရာမော်တာကို မြိုင်ပကဖ၊ ပေါက်ပကဖနဲ့ MGY-PDF စုပေါင်းတပ်တွေ ပူးပေါင်းပြီး စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်နေရင်း ပခုက္ကူ ၁၀၁ ကနေတက်လာတဲ့ ပါရာမော်တာကို ဝိုင်းဝန်းပစ်ခတ်ကြရင်းကနေ ပျက်ကျသွားတာလို့ ထုတ်ပြန်ထားပါတယ်။
မြိုင်နဲ့ ပေါက်ဒေသကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်နေလို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေသလို စစ်ကောင်စီက လေကြောင်းကနေလည်း နေ့တိုင်းလိုလို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။


