
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်ထဲကို နိုဝင်ဘာ ၂၁ ရက်မနက် ၉ နာရီခွဲဝန်းကျင်မှာ စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတာကြောင့် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တယောက်သေဆုံးပြီး ကလေးသူငယ်တွေအပါအဝင် ၃ ယောက် ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကူညီဆောင်ရွက်ပေးနေသူတယောက်က “အုတ်တွင်းမြို့နယ်ထဲက သရက်တောရွာ မင်္ဂလာဆောင်ကို ဒရုန်းနဲ့ဗုံးကြဲခံလိုက်ရတာမှာ မင်္ဂလာဆောင်အိမ်ရဲ့ ဘေးနားက အိမ်ပေါ်ကို တည့်တည့်ကျပြီး အသက် ၁၆ နှစ်အရွယ်ရှိတဲ့ မချမ်းမီမီအောင်ကတော့ ပွဲချင်းပြီးသေဆုံးသွားတယ်။ ဒဏ်ရာရတဲ့သူ ၃ ယောက်လောက်ရှိတယ်” လို့ ပြောပါတယ်။
အသက် ၁၆ နှစ်အရွယ် မောင်ဉာဏ်မင်းအောင်၊ အမြွှာညီအစ်မ အသက် ၁၀ နှစ်အရွယ် မယွန်းမီမီအောင် နဲ့ မယွန်းမီမီဇော်တို့လည်း နောက်ကျောနဲ့ ခြေထောက်တွေမှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
သာယာဝတီခရိုင် တပ်ရင်း ၂ တပ်ရင်းမှူး ဗိုလ်တိမ်တိုက်က “အဲဒီ အုတ်တွင်းနယ်ထဲမှာတော့ စစ်တပ်က ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲအတွက် လုံခြုံရေးအကြောင်းပြပြီးဝင်နေတဲ့ စစ်တပ်စစ်ကြောင်းနဲ့တော့ တိုက်ပွဲတွေ ဖြစ်ပွားနေတာရှိတယ်။ ဒါပေမဲ့လည်း အခုဗုံးကြဲခံရတဲ့ သရက်တောရွာနဲ့ကတော့ အတော်လေးဝေးပါတယ်။ အခုဗုံးကြဲခံရတဲ့ သရက်တောရွာမှာ တိုက်ပွဲဖြစ်တာ မရှိဘဲနဲ့ မင်္ဂလာဆောင်ပွဲကို အကြဲခံရတာမှာ ဘေးအိမ်ပေါ်ကို ကျတာလို့ သတင်းဝင်ထားတယ်ဗျာ” လို့ DVB ကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အုတ်တွင်းမြို့နယ်ထဲကို မြေပြင်စစ်ကြောင်းထိုး ဝင်ရောက်တာတွေအပြင် ပြည်သူကိုပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း မကြာခဏ ပြုလုပ်နေတာကြောင့် ဒေသခံတွေအနေနဲ့ သတိနဲ့သွားလာနေထိုင်ကြဖို့အပြင် လူစုလူဝေးတွေ မပြုလုပ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
ပြည်သူတွေအနေနဲ့ လာမယ့် ဒီဇင်ဘာလကုန်ပိုင်းမှာ စစ်တပ်ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ ဆန့်ကျင်ကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က နှိုးဆော်ထားပါတယ်။


