
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ၊ ကီဒေခဲတွင်းကို နိုဝင်ဘာ ၂၁ ရက် ဒီကနေ့ စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲသွားလို့ ခဲတွင်းလုပ်သား ၅ ယောက် ပွဲချင်းသေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒီနေ့မနက်မှာ စစ်ကောင်စီတပ်က မော်ချီးဒေသကို ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ တပြိုင်နက် နေရာ ၃ နေရာကို ဗုံးလာကြဲခဲ့တာကြောင့် ကီဒေခဲတွင်းမှာ လူ ၅ ယောက် သေဆုံးပြီး ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာလို့ ဒေသခံက ပြောပါတယ်။
“အမှတ် ၁ စက်ရုံနဲ့ ကီဒေနားမှာ အရင်လာကြဲတယ်။ နောက်တမိနစ်အကြာမှာ ညောင်ပင်နား ထပ်ကြဲတယ်။ ဆက်တိုက်ပဲ။ ကီဒေနားမှာ လူထိခိုက်မှုများတယ်။ ၅ ဦး သေဆုံးတယ်။ ဒဏ်ရာရသူတွေလည်း စိုးရိမ်ရတယ်။”
ဒေသခံလူထုတွေနဲ့ စစ်ရှောင်တွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးဂရုစိုက်ကြဖို့နဲ့ လေယာဥ်သံကြားတဲ့အခါ ဗုံးခိုကျင်းနဲ့ ပုန်းအောင်းနိုင်တဲ့ နေရာတွေမှာ နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။
သြဂုတ် ၁၇ ရက်ကလည်း မော်ချီးဒေသကို စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေ အပါအဝင် အရပ်သား ၃၂ ယောက် သေဆုံးခဲ့ရပြီး ၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။


