
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ နိုဝင်ဘာ ၁၉ ရက် မနက် ၉ နာရီဝန်းကျင်က စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး တယောက်သေဆုံးကာ လက်နက်ခဲယမ်းတွေနဲ့အတူ တယောက် အရှင်ဖမ်းမိခဲ့တယ်လို့ မြိုင် ပကဖ တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
မြိုင် ပကဖ တပ်ဖွဲ့ဝင်တယောက်က “မြိုင်မြို့နယ်၊ စက်မှု ၂ ထဲမှာ တပ်စွဲနေတဲ့အထဲက ၂ ယောက်က အဲဒီ စက်မှု ၂ နဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ရွာတွေဘက်က ပြည်သူပိုင်ပစ္စည်းတွေ ခိုးလာတာကို ကြားကနေ ဖြတ်ပြီး တိုက်ခိုက်ခဲ့တာ” လို့ပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်သားတယောက် သေဆုံးသလို စစ်သားတယောက်ကိုလည်း လက်နက်ခဲယမ်းတွေအပြင် ခိုးရာပါ သက်သေခံပစ္စည်းတွေနဲ့အတူ အရှင်ဖမ်းမိခဲ့တာလို့ သူက ဆက်ပြောပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ဆီကနေ MA သေနတ်တလက်၊ ကျည် ၄၇၃ တောင့်၊ ကျည်ဘောက် ၆ ခုနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
မြိုင် ပကဖ ပြန်ကြားရေးတာဝန်ရှိသူက “ဒဏ်ရာရတဲ့ စစ်သားကိုတော့ ကျနော်တို့ဘက်ကပဲ ဆေးကုပေးထားပြီး သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားပါတယ်။ စစ်ရေးအခြေအနေကတော့ တင်းမာနေတယ်လို့ပဲ ပြောလို့ရပါတယ်ဗျ” လို့ ပြောပါတယ်။
မြိုင် စက်မှု ၂ အတွင်းမှာ တပ်စွဲနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာ ၆ ရက်ကနေ နိုဝင်ဘာ ၁၀ ရက်အထိ မြိုင် အနောက်တောင်ပိုင်းက ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်ကာ ပြည်သူပိုင်နေအိမ်တွေအပြင် စစ်ရှောင်တဲတွေကိုလည်း မီးရှို့ဖျက်ဆီးပြီး ပြည်သူတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ပြုလုပ်နေတယ်လို့ သူကဆက်ပြောပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာ ၁၁ ရက်မှာတော့ တွင်းမ ပျူစောထီးကျေးရွာနဲ့ သရက်ကန် ပျူစောထီးကျေးရွာတွေကတဆင့် မြိုင်စက်မှု ၂ ထဲကို ပြန်လည်ဝင်ရောက်သွားကြပေမဲ့ ဆက်လက်ပြီး စစ်ကြောင်းထိုးနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိပြု သွားလာနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားတယ်လို့ သိရပါတယ်။


