ချင်းညီနောင်အဖွဲ့က ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ဦးတည် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတွေလည်း ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ နောက်ဆုံးအပတ်မှာ အင်အား ၅၀၀ ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းတခုက ကလေးမြို့ တောင်ဘက်ခြမ်းကနေ ချင်းပြည်နယ် ဖလမ်းအထိ တဖြည်းဖြည်း စစ်ကြောင်းထိုးလာပြီး နိုဝင်ဘာလ အစောပိုင်းမှာ ဝေဘူလမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဖလမ်းမြို့ကို ဆက်ပြီး စစ်ကြောင်းထိုး ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတာလို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၇ ရက် မနက် ၈ နာရီဝန်းကျင်လောက်မှာ ဖလမ်းမြို့နဲ့ ၁၀ မိုင်အကွာ မဏိပူရမြစ်ကူး ဗားရ်တံတားတဝိုက်မှာ ခြေကုပ်ယူပြီး ဖလမ်းကို စစ်ကြောင်းထိုး ပြင်ဆင်နေတာကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်တယောက်က DVB ကို ပြောပါတယ်။
“ဒီလ အစောပိုင်းကတည်း ဗားရ်တံတားနားအထိ စစ်ကြောင်းက ရောက်နေပြီ။ အဲနေရာမှာ ခြေကုပ်ယူပြီး ဖလမ်းကို ဆက်ပြီးတက်ဖို့ ပြင်ဆင်နေတာပေါ့။ အဲဒါကို ချင်းညီနောင်တပ်တွေနဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေ ဝင်တိုက်ခိုက်ခဲ့တာ။ စစ်ကောင်စီ အများအပြား သေတယ်။ လက်နက်တွေလည်း သိမ်းဆည်းရမိထားတယ်။ စစ်သုံ့ပန်းရော ဖမ်းမိတာတွေရှိတယ်။”
စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီက Y-12 လေယာဉ်နဲ့ တန်ပြန် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်ရှိမှာ စစ်ကြောင်းက ဗားရ်တံတားကနေ အနည်းငယ် ဆုတ်သွားပေမဲ့ အင်အားပြန်စုဖွဲ့ပြီး ပြန်တက်လာရင် တိုက်ပွဲဆက်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ် ဟားခါး၊ တီးတိန်နဲ့ စစ်ကိုင်းတိုင်း ကလေးကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းနဲ့ ဖလမ်းမြို့ကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်လိုက်ပြီးနောက် စစ်ကောင်စီအတွက် ထောက်ပို့လမ်းကြောင်းတွေ ဖြတ်တောက်ခံလိုက်ရတာပါ။
နိုဝင်ဘာလ ပထမပတ်ထဲမှာ ကလေး-တီးတိန်လမ်းပိုင်းက ချင်းတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို တီးတိန်မြို့က ထွက်တဲ့ စစ်ကြောင်းတကြောင်း၊ ကလေးမြို့ကနေ တကြောင်း စုစုပေါင်း စစ်ကြောင်းနှစ်ဖက်ညှပ်ပြီး စစ်ကြောင်းထိုးကာ စစ်ကောင်စီတပ်က ကလေး-တီးတိန် လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။





