
စစ်အာဏာရှင်စနစ်နဲ့ စစ်ဗိုလ်ချုပ်တွေ နိုင်ငံရေးမှာပါဝင်နေတာကို အဆုံးသတ်နိုင်ရေးအတွက် လက်တွဲလုပ်ဆောင်ဖို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က နိုင်ငံတကာကို တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်လွှတ်တော်မှာလုပ်ခဲ့တဲ့ မြန်မာနိုင်ငံက ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်တဲ့ ကြားနာပွဲကို ကြိုဆိုကြောင်း နိုဝင်ဘာ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်မှာ အဲဒီလို ထည့်သွင်း တိုက်တွန်းလိုက်တာပါ။
စစ်တပ်က တိုင်းပြည်အာဏာကို ချုပ်ကိုင်နိုင်နေတာဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေသာမကဘဲ ကမ္ဘာတဝန်းကနိုင်ငံတွေရဲ့ အကျိုးစီးပွား၊ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်း (ကျားဖြန့်) တွေကို အကြမ်းဖက်စစ်တပ်နဲ့ စစ်တပ်ရဲ့ အကျိုးစီးပွားတူ လက်နက်ကိုင်အဖွဲ့အစည်းတွေက ခွင့်ပြုကြတာဖြစ်ပြီး အကျိုးအမြတ်များများ ရရှိနေတယ်လို့လည်း CRPH က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် စစ်ဗိုလ်ချုပ်တွေ အာဏာတည်မြဲနေသရွေ့ အဲဒီလုပ်ငန်းတွေ ဆက်လက်ရှင်သန် ကြီးထွားနေမှာဖြစ်ပြီး စစ်တပ်က ငွေလိမ်လုပ်ငန်းတွေကို အဆုံးသတ်ဖို့ ကြိုးပမ်းနေတယ်ဆိုတာ ဟန်ပြသက်သက်ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။


