Home
မြန်မာသတင်း
STUM အဖွဲ့ဝင်များ ကြာမြင့်စွာချုပ်နှောင်ခံရရန် တရားခွင် အချိန်ဆွဲနေဟု ဒေါ်မျိုးမျိုးအေး ဝေဖန်
DVB
·
November 21, 2025

သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) အဖွဲ့ဝင်တွေကို အချိန်ကြာကြာ ချုပ်နှောင်ထားလိုတဲ့ ရည်ရွယ်ချက်နဲ့ တရားခွင်မှာ အချိန်ဆွဲတာမျိုး ကြုံနေရတယ်လို့ အဲဒီအဖွဲ့ရဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။

STUM အဖွဲ့ဝင် ၉ ယောက်မှာ အချုပ်သားအဖြစ်နဲ့ တရားရင်ဆိုင်နေရတာဖြစ်ပြီး ရုံးချိန်း အကြိမ်ကြိမ် ရွှေ့ရအောင်လုပ်တာ၊ တရားခွင်မှာ အပြီးသတ်အမိန့်ချဖို့ နှောင့်နှေး ကြန့်ကြာနေတာတွေကြောင့် ချုပ်နှောင်ခံရတဲ့ရက် ပိုကြာနေရတယ်လို့ ဆိုပါတယ်။

“တမင်ကို မြန်မြန်ပြန်မလွတ်အောင်လို့ အချိန်ဆွဲတဲ့ သဘောမျိုးလို့ မြင်တယ်။ စွဲဆိုခံထားရတဲ့အမှုက ဒီလောက်အကြာကြီး တရားရင်ဆိုင်ရလောက်တာမျိုး မဟုတ်ဘူး။”

STUM ရဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးနဲ့ အဖွဲ့ဝင် ၉ ယောက် ဇူလိုင်လကုန်ပိုင်းက ဖမ်းဆီး ထိန်းသိမ်းခံရပြီး ခြေချုပ်၊ ခံဝန်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ)၊ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၀၊ ၄၁ တို့နဲ့ တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။

စစ်ကောင်စီက ဒေါ်မျိုးမျိုးအေးကို လွှတ်မိန့်ပေးခဲ့ပေမဲ့ တရားရုံးက ခြေချုပ်နဲ့ ၆ လနေထိုင်ဖို့ အမိန့်ချခဲ့ပြီး ကျန်တဲ့ STUM အဖွဲ့ဝင်တွေမှာ ၄ လနီးပါး ကြာတဲ့အထိ အချုပ်ထဲကနေ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အခုလို တရားရေးအဆုံးအဖြတ်ထွက်ဖို့ ကြန့်ကြာနေမယ့်အစား အစောပိုင်းကတည်းက အမိန့်ချခဲ့ရင် ပြစ်ဒဏ်ကျခံရတဲ့ရက် ပြည့်လုနီးပါး ဖြစ်နေပြီလို့လည်း ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။

အင်းစိန်မြို့နယ် တရားရုံးကနေ STUM အဖွဲ့ဝင်တယောက်ကို ခြေချုပ်ဥပဒေနဲ့ စွဲဆိုထားတဲ့ အမှုအတွက် နိုဝင်ဘာ ၁၉ ရက်မှာ အပြီးသတ် အမိန့်ချဖို့ ချိန်းဆိုခဲ့ပေမဲ့ အဲဒီနေ့မှာ တရားသူကြီး ခွင့်ယူထားလို့ ရုံးချိန်းရွှေ့လိုက်ရတာမျိုး ရှိခဲ့တယ်လို့ STUM က အသိပေး ထုတ်ပြန်ထားပါတယ်။

အဲဒီမတိုင်ခင် STUM အဖွဲ့ဝင် ၉ ယောက်ကို စွဲဆိုထားတဲ့ အသင်းဖွဲ့မှတ်ပုံတင်ပုဒ်မ ၄၀၊ ၄၁ အမှုအတွက် ရွှေပြည်သာမြို့နယ်တရားရုံးမှာ နိုဝင်ဘာ ၁၇ ရက်က ရုံးထုတ်ခဲ့ပေမဲ့ တရားလိုပြ သက်သေဖြစ်သူ မြို့နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဦးစီးမှူး မလာလို့ ရုံးချိန်း ထပ်ရွှေ့လိုက်ရတာရှိပြီး အဲဒီလို ပျက်ကွက်တာ နှစ်ပတ်ရှိပြီလို့ ဆိုပါတယ်။

ဒီလို ရုံးချိန်းရွှေ့ရတာ၊ တရားရေး ကြန့်ကြာမှုတွေကြောင့် အချုပ်ကျနေရတဲ့ STUM အဖွဲ့ဝင်တချို့ ကျန်းမာရေးထိခိုက်မှုတွေ ရှိနေတယ်လို့လည်း အဲဒီအဖွဲ့ဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013