
အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်တဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ရဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို ခံဝန်ခြေချုပ်နဲ့ ၆ လ နေထိုင်ဖို့ ရွှေပြည်သာမြို့နယ်တရားရုံးက အမိန့်ချလိုက်တယ်လို့ STUM က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက ဒေါ်မျိုးမျိုးအေးကို အောက်တိုဘာ ၂၀ မှာ အလုပ်သမားအရေးဆောင်ရွက်တဲ့ မတရားပုဒ်မတပ် ထောင်ဒဏ်ချခံထားသူ ကိုသက်နှင်းအောင်၊ မသက်ထားဆွေတို့နဲ့အတူ အမှုတွေ ပိတ်သိမ်းပြီး လွှတ်ပေးလိုက်ပေမဲ့ မူလစွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်လို့ အမိန့်ချခံရတာဖြစ်ပါတယ်။
ဒေါ်မျိုးမျိုးအေးကို ရွှေပြည်သာမြို့နယ် တရားရုံးက အောက်တိုဘာ ၂၄ ရက်ရုံးချိန်းမှာ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေ ၅(၁)(စ)(ဆ) အရ ကျပ်သိန်း ၃၀ နဲ့အတူ ခံဝန်အာမခံပေးသူ ၂ ယောက်ရှိခဲ့လို့ ၆လ အတွင်း ကောင်းမွန်စွာ ကျင့်ကြံနေထိုင်စေရန် ခံဝန်ချုပ် ချုပ်ဆိုတဲ့ အမိန့်ချမှတ်ခဲ့တာလို့ STUM က ဆိုပါတယ်။
ဒေါ်မျိုးမျိုးအေးကို အင်းစိန်အကျဉ်းထောင်ကနေ လွှတ်ပေးစဉ်က စွဲဆိုထားတဲ့အမှုအားလုံးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ အရ ရုပ်သိမ်းတယ်လို့ ပြောခဲ့ပေမဲ့ ရွှေပြည်သာမြို့နယ် တရားရုံးက အထူးဥပဒေဖြစ်လို့ အဲဒီလို ရုပ်သိမ်းလို့ မရကြောင်းပြောပြီး အမိန့်ချလိုက်တာလို့ STUM က ထုတ်ပြန်ထားပါတယ်။
ဆက်လက်ပြီး ဒေါ်မျိုးမျိုးအေးက သက်သေခံ ပစ္စည်းတွေထုတ်ယူဖို့ လျှောက်ထားတာကို တရားလို နဲ့ ဥပဒေအရာရှိဘက်က နှုတ်နဲ့ကန့်ကွက်တဲ့အတွက် နောက်ရုံးချိန်းမှာ စာနဲ့ကန့်ကွက်လွှာ တင်သွင်းဖို့ တရားရုံးက ညွှန်ကြားလိုက်တယ်လို့ သိရပါတယ်။




