၇၄ ကြိမ်မြောက် မယ်စကြဝဠာပြိုင်ပွဲ နောက်ဆုံးဖိုင်နယ်ပွဲစဉ်ကို ထိုင်းနိုင်ငံမှာ ကျင်းပရာ မြန်မာ အပါအဝင် နိုင်ငံပေါင်း ၁၂၀ က အလှမယ်တွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မက္ကဆီကိုနိုင်ငံ ကိုယ်စားပြု အလှမယ် ဖာတီမာဖာနန်ဒက်ဇ်က သရဖူဆု ဆွတ်ခူးရရှိသွားပါတယ်။
အသက် ၂၅ နှစ်အရွယ် အလှမယ်ဟာ ဖက်ရှင်နဲ့ အဝတ်အစားဒီဇိုင်းဘာသာရပ် အထူးပြုနဲ့ ဘွဲ့ရရှိထားသူဖြစ်ကာ ခုတခါ သူ့ရဲ့ သရဖူဆွတ်ခူးရရှိမှုကတော့ မက္ကဆီကိုနိုင်ငံအနေနဲ့ မယ်စကြဝဠာအလှမယ် သရဖူရရှိတဲ့ စတုတ္ထမြောက်အလှမယ် ဖြစ်လာခဲ့တာပါ။
အခုနှစ်ရဲ့ မယ်စကြဝဠာအလှမယ် ပြိုင်ပွဲကိုတော့ မက္ကဆီကိုနိုင်ငံမှ မယ်စကြဝဠာ အဖွဲ့အစည်း (MUO) နဲ့ ထိုင်းနိုင်ငံမှ Miss Grand International ကုမ္ပဏီတို့ ပူးပေါင်းကျင်းပတာဖြစ်ပြီး နောက်ဆုံးအဆင့် ပြိုင်ပွဲကြီး မရောက်ခင် အလှမယ်တွေဟာ ကနဦး ပွဲစဉ်တွေအတွက် ပြင်ဆင်နေစဉ်မှာဘဲ မထင်မှတ်တဲ့ ပြဿနာအဖုအထစ်တွေ ဖြစ်ခဲ့ရတာပါ။
နိုဝင်ဘာ ၃ ရက်က ကမ္ဘာ့အလှမယ်တွေဟာ သူတို့တည်းခိုတဲ့ ဟိုတယ်ခန်းမမှာ ကာစီနို အွန်လိုင်းလောင်းကစားကြော်ငြာ ရိုက်ကူးခဲ့ကြတယ်၊ အဲဒီလုပ်ရပ်ဟာ ထိုင်းနိုင်ငံရဲ့ ဥပဒေ ချိုးဖောက်ရာရောက်ပြီး နိုင်ငံရဲ့ပုံရိပ်နဲ့ သိက္ခာကျဆင်းစေတာကြောင့် ရဲတွေက သွားရောက် စစ်ဆေး သတိပေး ဟန့်တားခဲ့ပါတယ်။
ထိုင်းနိုင်ငံဘက်က အလှမယ်ကျင်းပရေးကော်မတီ ဒုဥက္ကဋ္ဌ နဝပ်အီစလာ ကလိုင်းဆင် ကလည်း ရောက်လာပြီး ဒီလုပ်ရပ်ဟာ ထိုင်းဥပဒေနဲ့ မညီညွတ်ကြောင်း၊ ပြိုင်ပွဲမကျင်းပမီကတည်းက သေချာရှင်းပြထားပါလျက် မလိုက်နာတဲ့အပြင် သူ့ကိုပါ ဆွဲထည့်တဲ့အပေါ် မကျေနပ်ကြောင်း ရဲတွေကို ပြောပြီး လိုက်ဖ်လွှင့်ခဲ့ပါတယ်။
အဆိုပါ လောင်းကစားကြော်ငြာမှုတွေကို ထိုင်းနိုင်ငံကသာ ခွင့်မပြုပေမဲ့ နိုင်ငံအချို့မှာတော့ ဥပဒေအရ ခွင့်ပြုထားတယ်၊ အဆိုပါကြော်ငြာရိုက်ကူးရေးမှာတော့ ကမ္ဘာ့အလှမယ် ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် စပွန်ဆာကြီးကြီးပေးထားတဲ့ မက္ကဆီကိုလုပ်ငန်းရှင် ဖြစ်နေပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မက္ကဆီကိုမှ MUO ဥက္ကဋ္ဌ ရာအူးရိုချာကန်တူနဲ့ ထိုင်းက MU တာဝန်ခံ နဝပ်တို့ကြား အဖုအထစ်ဖြ စ်သွားခဲ့ပါတယ်။
နိုဝင်ဘာ ၄ ရက်မှာ နဝပ်က အလှမယ်အားလုံးကို ခေါ်ပြီး စလွယ်တွေပေးအပ်ကာ အခြေအနေတွေ ရှင်းပြခဲ့ပေမဲ့ သူ့ရဲ့ ပြောဆို ပြုမူမှုတွေဟာ အလှမယ်တွေက သူ့စကား နားမထောင်လို့ ခေါ်ယူသတိပေးတဲ့ပုံစံလို ဖြစ်နေတယ်၊ ဒီပြိုင်ပွဲမှာ ကောင်းစွာ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ အလှမယ်တွေရှိတယ်၊ မက္ကဆီကို အလှမယ်ကိုပါ ထည့်ပြောတယ်၊ မက္ကဆီကိုအလှမယ်က မတ်တတ်ရပ်ပြီး ဖြေရှင်းဖို့ ကြိုးစားပေမဲ့ သူက ပေးမပြောဘဲ သူပြောသလိုပဲ လုပ်ရမယ်ဆိုတဲ့ အချိုးချိုးတယ်၊ Dumb Head (အသိဉာဏ်ခေါင်းပါးသူ- ငတုံးမ) လို့ သုံးနှုန်းပြောဆိုခဲ့တဲ့အတွက် ပြဿနာတွေ ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။
မယ်စကြဝဠာအဖွဲ့အစည်း (MUO) ကလည်း နဝပ်ရဲ့ လုပ်ဆောင်ချက်ဟာ နိုင်ငံတကာ အလှမယ်တွေရဲ့ သိက္ခာကို ထိပါးတယ်၊ ဒီပြိုင်ပွဲကြီးမှာ နဝပ်ရဲ့ တာဝန်ဝတ္တရားနဲ့ လုပ်ပိုင်ခွင့်တွေ လျှော့ချဖို့၊ သူနဲ့အတူတွဲလုပ်ဖို့ အလုပ်အမှုဆောင်တယောက် စေလွှတ်မယ့်အကြောင်း၊ ပြိုင်ပွဲမှာ MUO အနေနဲ့ ကိုယ်ရေးအင်တာဗျူး၊ အမျိုးသားဝတ်စုံ၊ ရေကူးဝတ်စုံနဲ့ ညနေခင်းဝတ်စုံ အကဲဖြတ်ရာမှာ ၄ ပုံ ၁ ပုံ ပါဝင်မယ်လို့ ထုတ်ပြန်ပါတယ်။
ဒီထုတ်ပြန်ချက်ကို နဝပ်က မကျေနပ်ဘဲ အလှမယ်တွေနဲ့ ပြောဆိုခဲ့တဲ့အပေါ် သူ့ဘက်က မှားကြောင်း သတင်းစာရှင်းပွဲမှာ ငိုယိုပြောကြားခဲ့သလို အလှမယ်တွေရှေ့မှာပါ ဝမ်းနည်းကြောင်း၊ တောင်းပန်ကြောင်း ပြောကြားခဲ့ပါတယ်။
အခု ၂၀၂၅ နှစ်ရဲ့ မယ်စကြဝဠာအလှမယ် နောက်ဆုံး ၅ ယောက် ဆန်ခါတင်စာရင်းမှာတော့ အိုင်ဗရီကို့စ်၊ မက္ကဆီကို၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ ဗင်နီဇွဲလားနိုင်ငံတွေ ပါဝင်ခဲ့ပြီး မက္ကဆီကို အလှမယ်က သရဖူဆု ရရှိခဲ့ကာ 1st runner-up ဆုကိုတော့ အိမ်ရှင် ထိုင်းအလှမယ်က ရရှိသွားပါတယ်။
မြန်မာကိုယ်စားပြု အလှမယ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် အလှမယ် မြတ်ရတနာစိုး ကတော့ ဆန်ခါတင် အယောက် ၃၀ စာရင်းထိ မပါဝင်နိုင်ခဲ့ပါဘူး။
အခုနှစ်ရဲ့ မြန်မာကိုယ်စားပြုအလှမယ် မြတ်ရတနာစိုးနဲ့ ဒီမတိုင်ခင်က သွားရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ၂၀၂၂ ခုနှစ် မယ်စကြဝဠာအလှမယ် ဇာလီမိုး၊ ၂၀၂၃ ခုနှစ် မယ်စကြဝဠာအလှမယ် အမရာဘို၊ ၂၀၂၄ ခုနှစ် မယ်စကြဝဠာအလှမယ် သက်စံအန်ဒါဆန် တို့ဟာ စစ်ကောင်စီက မတရားအာဏာသိမ်းယူထားတဲ့ ကာလတွင်းမှာပဲ သွားရောက်ခဲ့တဲ့ အလှမယ်တွေ ဖြစ်တာမို့ ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မယ်စကြဝဠာအလှမယ်ပြိုင်ပွဲတွေကို လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က စတင်ကျင်းပခဲ့ပြီး နောက်ဆုံး ၂၀၂၀ ပြည့်နှစ်အထိသာ ကျင်းပနိုင်ခဲ့ကာ စစ်အာဏာသိမ်းမှု စတင်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာတော့ ရွေးချယ်နိုင်ခြင်း မရှိခဲ့ပါဘူး။
၆၉ ကြိမ်မြောက်အဖြစ် အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ မယ်စကြဝဠာပြိုင်ပွဲမှာတော့ မြန်မာအလှမယ် သူဇာဝင့်လွင်က သွားရောက်ယှဉ်ပြိုင်ထားခဲ့ပြီး ချင်းတိုင်းရင်းသူဝတ်စုံနဲ့ နိုင်ငံကိုယ်စားပြု National Costume အမျိုးသားဝတ်စုံဆု ရရှိခဲ့ပါတယ်။
ဒါ့အပြင် မြန်မာအလှမယ်ဟာ အဆိုပါ ပြိုင်ပွဲစင်မြင့်ပေါ်မှာရတဲ့ အခွင့်အရေးကို အရယူပြီး စစ်အာဏာသိမ်းကာလ ဒုက္ခအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက် ရည်ရွယ်ပြီး “Pray For Myanmar” မြန်မာနိုင်ငံအတွက် ဆုတောင်းပေးကြဖို့ နိုင်ငံတကာ အသိုက်အဝန်းကို တောင်းဆို ဆန္ဒထုတ်ဖော်သွားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့တဲ့ မယ်စကြဝဠာ အလှမယ်ပြိုင်ပွဲမှာ အလှမယ်သရဖူကို မိုးစက်ဝိုင်က ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ သျှားထွဋ်အိန္ဒြာ၊ ၂၀၁၅ ခုနှစ်မှာ မေဘရဏီသော်၊ ၂၀၁၆ ခုနှစ်မှာ ထက်ထက်ထွန်း၊ ၂၀၁၇ ခုနှစ်မှာ ဇွန်သံစဉ်၊ ၂၀၁၈ ခုနှစ်မှာ နှင်းသွေးယုအောင်၊ ၂၀၁၉ ခုနှစ်မှာ ဆွေဇင်ထက်၊ ၂၀၂၀ ပြည့်နှစ်မှာ သူဇာဝင့်လွင်၊ ၂၀၂၂ ခုနှစ်မှာ ဇာလီမိုး၊ ၂၀၂၃ ခုနှစ်မှာ အမရာဘို၊ ၂၀၂၄ ခုနှစ်မှာ သက်စံအန်ဒါဆန်တို့က ရရှိခဲ့ကြတာမို့ မြတ်ရတနာစိုးကတော့ ၁၂ ယောက်မြောက် မြန်မာနိုင်ငံကိုယ်စားပြု မယ်စကြဝဠာအလှမယ် ဖြစ်လာခဲ့တာပါ။
၂၀၁၆ ခုနှစ်က မယ်စကြဝဠာအလှမယ်ပြိုင်ပွဲ အမျိုးသားဝတ်စုံပြိုင်ပွဲမှာတော့ မြန်မာကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ထက်ထက်ထွန်းက ရုပ်သေးမင်းသမီးနဲ့ ဆိုင်းဝိုင်းအပြင်အဆင် တင်ဆက်မှုနဲ့ ပထမဆုံးအကြိမ် ဆုရရှိခဲ့ဖူးပါတယ်။
Source: Thai PBS










