Home
နိုင်ငံတကာ
နီဂရားဂွါးအလှမယ် ၂၀၂၃ ခုနှစ် မယ်စကြဝဠာသရဖူ ဆွတ်ခူး
DVB
·
November 19, 2023
72nd Miss Universe pageant

၇၂ ကြိမ်မြောက် မယ်စကြဝဠာပြိုင်ပွဲ နောက်ဆုံးဖိုင်နယ်ပွဲစဉ်ကို အယ်လ်ဆာဗေဒိုနိုင်ငံ မှာ ကျင်းပရာမှာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၈၄ နိုင်ငံက အလှမယ်တွေ ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး နီဂရားဂွါးနိုင်ငံကိုယ်စားပြုအလှမယ် ရှေးနစ်စ် ပါလာစီယိုစ်က သရဖူဆု ဆွတ်ခူးရရှိသွားပါတယ်။

အသက် ၂၃ နှစ်အရွယ်အလှမယ်ကိုတော့ နီဂရားဂွါးနိုင်ငံမြို့တော် မန်နာဂွါးမှာ မွေးဖွားခဲ့တာဖြစ်ပြီးတော့ ဗဟိုအမေရိကန်တက္ကသိုလ်-မန်နာဂွါး Central American University – Managua ကနေ လူထုဆက်ဆံရေးပညာအထူးပြုနဲ့ ဘွဲ့ရရှိထားခဲ့ကာ ဆယ်ကျော်သက်အရွယ်ကတည်းက အလှမယ်လောကထဲ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ ၂၀၁၆ ခုနှစ်မှာ နီဂရားဂွါးနိုင်ငံကိုယ်စားပြု ဆယ်ကျော်သက်အလှမယ်ဆုကို ရရှိ ထားသလို ၂၀၂၀ ပြည့်နှစ်မှာတော့ နိုင်ငံကိုယ်စားပြု မယ်ကမ္ဘာအနေနဲ့လည်း ‌ရွေးချယ်ခံခဲ့ ရတာပါ။

အခုနှစ်ရဲ့ မယ်စကြဝဠာအလှမယ် နောက်ဆုံး ၅ ယောက်ဆန်ကာတင်စာရင်းမှာတော့ နီဂရားဂွါး၊ ထိုင်း၊ ဩစတြေးလျ၊ ကိုလံဘီယာနဲ့ ပွာတိုရီကိုနိုင်ငံတွေ ပါဝင်ခဲ့ပြီး နီဂရားဂွါး အလှမယ်က သရဖူ ဆုရရှိခဲ့ကာ 1st runner-up ဆုကို ထိုင်းအလှမယ်၊ 2nd runner-up ဆုကို ဩစတြေးလျအလှမယ်တွေ ရရှိသွားပါတယ်။

အယ်လ်ဆာဗေဒို၊ ပီရူး၊ ဖိလစ်ပိုင်၊ စပိန်နဲ့ ဗင်နီဇွဲလား နိုင်ငံကိုယ်စားပြု အလှမယ်တွေက ဆန်ကာတင် ၁၀ ယောက်စာရင်းထိ ပါဝင်လာပြီး ကင်မရွန်း၊ ချီလီ၊ အိန္ဒိယ၊ ဂျမေကာ၊ နမ်မီးဘီးယား၊ နီပေါ၊ ပါကစ္စတန်၊ ပေါ်တူဂီ၊ တောင်အာဖရိကနဲ့ အမေရိကန်နိုင်ငံတွေက နောက်ဆုံး ဆန်ကာတင်အယောက် ၂၀ စာရင်းမှာ ပါဝင်ခဲ့ပြီး မြန်မာကိုယ်စားပြု အလှ မယ်ကတော့ ဒီစာရင်းထိ မပါဝင်နိုင်ခဲ့ပါဘူး။  

မြန်မာနိုင်ငံကိုယ်စားပြု မယ်စကြဝဠာ အလှမယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် အမရာဘိုနဲ့ ဒီမတိုင်ခင်က သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၂ ခုနှစ် မယ်စကြဝ ဠာအလှမယ် ဇာလီမိုးတို့ဟာ စစ်ကောင်စီက မတရားအာဏာသိမ်းယူထားတဲ့ ကာလေတွင်းမှာပဲ သွားရောက်ခဲ့တဲ့ အလှမယ်တွေ ဖြစ်တာမို့ ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့‌ရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မယ်စကြဝဠာအလှမယ်ပြိုင်ပွဲတွေကို လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က စတငကျင်းပခဲ့ပြီး နောက်ဆုံး ၂၀၂၀ ပြည့်နှစ်အထိသာ ကျင်းပနိုင်ခဲ့ကာ စစ်အာဏာသိမ်း မှုစတင်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာတော့ ရွေးချယ်နိုင်ခြင်း မရှိခဲ့ပါဘူး။

၆၉ ကြိမ်မြောက်အဖြစ် အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ မယ်စကြဝဠာပြိုင်မှာတော့ မြန်မာအလှမယ် သူဇာဝင့်လွင်က သွားရောက်ယှဉ်ပြိုင်ထားခဲ့ပြီး ချင်းတိုင်းရင်းသူ ဝတ်စုံနဲ့ နိုင်ငံကိုယ်စားပြု National Costume အမျိုးသားဝတ်စုံဆု ရရှိခဲ့ပါတယ်။

ဒါ့အပြင် မြန်မာအလှမယ်ဟာ အဆိုပါ ပြိုင်ပွဲစင်မြင့်ပေါ်မှာရတဲ့ အခွင့်အရေးကို အရ ယူပြီး စစ်အာဏာသိမ်းကာလ ဒုက္ခအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည် သူတွေအတွက် ရည်ရွယ်ပြီး "Pray For Myanmar” မြန်မာနိုင်ငံအတွက် ဆုတောင်း ပေးကြဖို့ နိုင်ငံတကာ အသိုက် အဝန်းကို တောင်းဆိုဆန္ဒထုတ်ဖော်သွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ မယ်စကြဝဠာ အလှမယ် ပြိုင်ပွဲမှာ အလှမယ်သရဖူကို မိုးစက်ဝိုင်က ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ သျှားထွဋ်အိန္ဒြာ၊ ၂၀၁၅ ခုနှစ်မှာ မေဘရဏီသော်၊ ၂၀၁၆ ခုနှစ်မှာ ထက်ထက်ထွန်း၊ ၂၀၁၇ ခုနှစ်မှာ ဇွန်သံစဉ်၊ ၂၀၁၈ ခုနှစ်မှာ နှင်းသွေးယုအောင်၊ ၂၀၁၉ ခုနှစ်မှာ ဆွေဇင်ထက်တို့က ရရှိခဲ့ကြတာမို့ သူဇာဝင့်လွင်ကတော့ ၈ ယောက်မြောက် မြန်မာနိုင်ငံ ကိုယ်စားပြု မယ်စကြဝဠာအလှမယ် ဖြစ်လာခဲ့တာပါ။ 

၂၀၁၆ ခုနှစ်က မယ်စကြဝဠာအလှမယ်ပြိုင်ပွဲ အမျိုးသားဝတ်စုံပြိုင်ပွဲမှာတော့ မြန်မာ ကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ထက်ထက်ထွန်းက ရုပ်သေးမင်းသမီးနဲ့ ဆိုင်းဝိုင်းအပြင်အဆင်တင်ဆက်မှုနဲ့ ပထမဆုံးအကြိမ် ဆုရရှိခဲ့ဖူးပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013