Home
မြန်မာသတင်း
မြန်မာတွင် သေဒဏ်အမိန့်ကျခံထားရသူများနှင့်ပတ်သက်ပြီး ကုလ စောင့်ကြည့်နေ 
DVB
·
September 24, 2024
photo Crd-IIMM

မြန်မာနိုင်ငံမှာ သေဒဏ်အမိန့်ကျခံထားရတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို   စစ်ကောင်စီက ကွပ်မျက်မယ်ဆိုတဲ့ လတ်တလောထွက်ပေါ်နေတဲ့ သတင်းတွေကို အနီးကပ် စောင့်ကြည့်နေတယ် လို့ ကုလသမဂ္ဂလက်အောက်ခံ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အဖွဲ့က ပြောလိုက်ပါတယ်။

ဒီလိုကွပ်မျက်တယ်ဆိုတာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ရာရောက်တယ်လို့လည်း IIMM အဖွဲ့ရဲ့ အကြီးအကဲ နီကိုးလပ်စ် ကွန်ဂျန်းက သတိပေးထားတာပါ။

နိုင်ငံတကာဥပဒေကို အကြီးအကျယ်ချိုးဖောက်မှုတွေကို ဆန်းစစ်နိုင်ဖို့အတွက် IIMM အဖွဲ့ကို လွန်ခဲ့တဲ့ ၂၀၁၈ ခုက ဖွဲ့စည်းခဲ့တာဖြစ်ပြီး မနှစ်က တံခါးပိတ် အမှုစစ်ဆေးပြီး သေဒဏ် ချမှတ်ခံထားရသူတွေကို မကြာခင်ကွပ်မျက်နိုင်တယ်ဆိုတဲ့ သတင်းတွေကိုလည်း ရရှိ ထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ အဆိုပါ သေဒဏ်ချမှတ်မှုနဲ့ပတ်သက်ပြီး ကြေညာထားခြင်း မရှိသလို မှတ်ချက်ပေးဖို့ တောင်းဆိုချက်တွေကိုလည်း တုံ့ပြန်တာမျိုး မရှိပါဘူး။ 

ဒါ့အပြင် IIMM အဖွဲ့ဘက်ကလည်း သူတို့ရရှိထားတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး အသေးစိတ်ဖော်ပြတာ၊ ဒါမှမဟုတ် ဘယ်သူကတော့ ကွပ်မျက်ခံရနိုင်တယ်ဆိုတာတွေကို အသေးစိတ် ဖော်ပြတာမျိုး မရှိပါဘူး။

IIMM အဖွဲ့ရဲ့ အကြီးအကဲ နီကိုးလပ်စ် ကွန်ဂျန်းက “တရားမျှတသော တရားစီရင်မှုဖြစ်ဖို့ အခြေခံလိုအပ်ချက်တွေရှိတာကို အခြေခံပြီးတော့ သေဒဏ်ချမှတ်တာ၊ ဒါမှမဟုတ် ကာလ တခုအထိ ထိန်းသိမ်းခံရတာတောင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇ၀တ်မှု၊ ဒါမှမဟုတ် စစ်ရာဇ၀တ်မှုတခု၊ ဒါမှမဟုတ် တခုထက်ပိုတဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်ရာရောက်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် IIMM အနေနဲ့ အခြေခံတရားမျှတတရားစီရင်မှုဆိုင်ရာ အာမခံချက်တွေကို ချိုးဖောက်နိုင်တဲ့ အခြေအနေမှာ သေဒဏ်ချမှတ်မှုမှာ ပါဝင်ပတ်သက်နေတဲ့ လူပုဂ္ဂိုလ်တွေကို စောင့်ကြည့်နေတယ်လို့လည်း ‌ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းကလည်း လူသိများထင်ရှားတဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူနှစ်ဦးဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု (ခ) ဦးဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျသော်အပါအဝင် အရပ်သားနှစ်ဦးဖြစ်တဲ့ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ ၄ ယောက်ကို အကြောင်းမဲ့ အသိမပေးဘဲ ကွပ်မျက်ခဲ့တာ ဖြစ်ပြီး ခုတခါမှာလည်း ထွက်ပေါ်နေတဲ့ သတင်းတွေအပေါ် လူထုရဲ့ စိုးရိမ်ပူပန်မှုတွေ မြင့်တက် နေတာပါ။

ဒါ့အပြင် စစ်ကောင်စီဟာ သူတို့ကို ဆန့်ကျင်တော်လှန်တဲ့ ဘယ်သူ့ကိုမဆို နှုတ်ပိတ်ကာ ပြင်းထန်တဲ့ ပဋိပက္ခတွေအတွင်း စစ်သားစုဆောင်းဖို့ သိသာတဲ့ ရည်ရွယ်ချက်နဲ့ ဖမ်းဆီး သတ်ဖြတ်တာတွေကို အရှိန်မြှင့်လုပ်ဆောင်နေသလို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပြည်သူထောင်နဲ့ချီ ဖမ်းဆီးထိန်းသိမ်းထားတဲ့အကြောင်း ကုလသမဂ္ဂ အစီရင်ခံစာက ထုတ်ပြန် ထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူလစ်ဇ် သရော့စ်ဆဲလ်က ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ရရှိတဲ့ အချက်အလက်တွေအရ ကလေးသူငယ် ၈၈ ဦး အပါအဝင် အာဏာသိမ်းပြီးနောက်ပိုင်း အနည်းဆုံး လူပေါင်း ၁၈၅၃ ဦး အချုပ်ထဲမှာ သေဆုံးသွားခဲ့တယ်လို့  ပြီးခဲ့တဲ့ သီတင်းပတ်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။ 

Source: The Straits Times

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013