Home
နိုင်ငံတကာ
ဒိန်းမတ်အလှမယ် ၂၀၂၄ မယ်စကြဝဠာသရဖူ ဆွတ်ခူး၊ မြန်မာအလှမယ် Unplaced ဖြစ်
DVB
·
November 17, 2024
Photo: Reuters
Photo: Reuters
Photo: Reuters

၇၃ ကြိမ်မြောက် မယ်စကြဝဠာပြိုင်ပွဲ နောက်ဆုံးဖိုင်နယ်ပွဲစဉ်ကို မက္ကဆီကိုနိုင်ငံမှာ ကျင်းပရာ မြန်မာ အပါအဝင် နိုင်ငံပေါင်း ၁၂၅ နိုင်ငံက အလှမယ်တွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဒိန်းမတ်နိုင်ငံ ကိုယ်စားပြုအလှမယ် ဗစ်တိုးရီးယား ကီရာ သီလ်ဗစ်က သရဖူဆု ဆွတ်ခူးရရှိသွားပါတယ်။

အသက် ၂၁ နှစ်အရွယ် အလှမယ်ဟာ တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးရှေ့နေအလုပ်နဲ့ စိန်အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူတဦးဖြစ်ကာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ရဲ့ Miss Denmark 2nd Runner Up ဆုရရှိခဲ့သလို Miss Grand International 2022 ပြိုင်ပွဲမှာ ဆန်ခါတင်အယောက် ၂၀ အဆင့်မှာ ပါဝင်ခဲ့တာပါ။

အခု ၂၀၂၄ ခုနှစ်ရဲ့ မယ်စကြဝဠာပြိုင်ပွဲမှာတော့ နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ချိန်မှာတော့ အလှမယ်သရဖူကို ဆွတ်ခူးနိုင်ခဲ့ပြီးတော့ ဒါဟာ ဒိန်းမတ်နိုင်ငံအတွက် ပထမဆုံးသော မယ်စကြဝဠာအလှမယ် သရဖူကို ဆွတ်ခူးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အခုနှစ်ရဲ့ မယ်စကြဝဠာအလှမယ် နောက်ဆုံး ၅ ယောက် ဆန်ခါတင်စာရင်းမှာတော့ ဒိန်းမတ်၊ နိုက်ဂျီးရီးယား၊ မက္ကဆီကို၊ ထိုင်းနဲ့ ဗင်နီဇွဲလားနိုင်ငံတွေ ပါဝင်ခဲ့ပြီး ဒိန်းမတ် အလှမယ်က သရဖူ ဆုရရှိခဲ့ကာ 1st runner-up ဆုကို နိုifဂျီးရီးယားအလှမယ်၊ 2nd runner-up ဆုကို မက္ကဆီကိုအလှမယ်တွေ ရရှိသွားပါတယ်။

အာဂျင်တီးနား၊ ဘိုလီးဗီးယား၊ ကနေဒါ၊ ချီလီ၊ ပီရူး၊ ပွာတိုရီကိုနဲ့ ရုရှား နိုင်ငံကိုယ်စားပြု အလှမယ်တွေက ဆန်ခါတင် ၁၂ ယောက်စာရင်းထိ ပါဝင်လာပြီး မြန်မာကိုယ်စားပြု အလှမယ်ကတော့ ဆန်ခါတင် အယောက် ၃၀ စာရင်းထိ မပါဝင်နိုင်ခဲ့ပါဘူး။  

မြန်မာနိုင်ငံကိုယ်စားပြု မယ်စကြဝဠာ အလှမယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် သက်စံအန်ဒါဆန်နဲ့ ဒီမတိုင်ခင်က သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၂ ခုနှစ် မယ်စကြဝ ဠာအလှမယ် ဇာလီမိုး၊ ၂၀၂၃ ခုနှစ် မယ်စကြဝဠာအလှမယ် အမရာဘိုတို့ဟာ စစကောင်စီက မတရားအာဏာသိမ်းယူထားတဲ့ ကာလတွင်းမှာပဲ သွားရောက်ခဲ့တဲ့ အလှမယ်တွေ ဖြစ်တာမို့ ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့‌ရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မယ်စကြဝဠာအလှမယ်ပြိုင်ပွဲတွေကို လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က စတင်ကျင်းပခဲ့ပြီး နောက်ဆုံး ၂၀၂၀ ပြည့်နှစ်အထိသာ ကျင်းပနိုင်ခဲ့ကာ စစ်အာဏာသိမ်း မှုစတင်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာတော့ ရွေးချယ်နိုင်ခြင်း မရှိခဲ့ပါဘူး။

၆၉ ကြိမ်မြောက်အဖြစ် အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ မယ်စကြဝဠာပြိုင်မှာတော့ မြန်မာအလှမယ် သူဇာဝင့်လွင်က သွားရောက်ယှဉ်ပြိုင်ထားခဲ့ပြီး ချင်းတိုင်းရင်းသူ ဝတ်စုံနဲ့ နိုင်ငံကိုယ်စားပြု National Costume အမျိုးသားဝတ်စုံဆု ရရှိခဲ့ပါတယ်။

ဒါ့အပြင် မြန်မာအလှမယ်ဟာ အဆိုပါ ပြိုင်ပွဲစင်မြင့်ပေါ်မှာရတဲ့ အခွင့်အရေးကို အရယူပြီး စစ်အာဏာသိမ်းကာလ ဒုက္ခအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြညသူတွေအတွက် ရည်ရွယ်ပြီး "Pray For Myanmar” မြန်မာနိုင်ငံအတွက် ဆုတောင်းပေးကြဖို့ နိုင်ငံတကာ အသိုက်အဝန်းကို တောင်းဆိုဆန္ဒထုတ်ဖော်သွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့တဲ့ မယ်စကြဝဠာ အလှမယ်ပြိုင်ပွဲမှာ အလှမယ်သရဖူကို မိုးစက်ဝိုင်က ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ သျှားထွဋ်အိန္ဒြာ၊ ၂၀၁၅ ခုနှစ်မှာ မေဘရဏီသော်၊ ၂၀၁၆ ခုနှစ်မှာ ထက်ထက်ထွန်း၊ ၂၀၁၇ ခုနှစ်မှာ ဇွန်သံစဉ်၊ ၂၀၁၈ ခုနှစ်မှာ နှင်းသွေးယုအောင်၊ ၂၀၁၉ ခုနှစ်မှာ ဆွေဇင်ထက်၊ ၂၀၂၀ ပြည့်နှစ်မှာ သူဇာဝင့်လွင်၊ ၂၀၂၂ ခုနှစ်မှာ ဇာလီမိုး၊ ၂၀၂၃ ခုနှစ်မှာ အမရာဘိုတို့က ရရှိခဲ့ကြတာမို့ သက်စံအန်ဒါဆန်ကတော့ ၁၁ ယောက်မြောက် မြန်မာနိုင်ငံ ကိုယ်စားပြု မယ်စကြဝဠာအလှမယ် ဖြစ်လာခဲ့တာပါ။ 

၂၀၁၆ ခုနှစ်က မယ်စကြဝဠာအလှမယ်ပြိုင်ပွဲ အမျိုးသားဝတ်စုံပြိုင်ပွဲမှာတော့ မြန်မာ ကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ထက်ထက်ထွန်းက ရုပ်သေးမင်းသမီးနဲ့ ဆိုင်းဝိုင်းအပြင်အဆင်တင်ဆက်မှုနဲ့ ပထမဆုံးအကြိမ် ဆုရရှိခဲ့ဖူးပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013