Home
မြန်မာသတင်း
Miss Grand International 2023 တွင် မြန်မာအလှမယ် နီနီလင်းအိမ် ဆု ၃ ခု ရရှိ
DVB
·
October 26, 2023
Miss Grand International_26102023

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့မှာ အောက်တိုဘာ ၂၅ ရက် ညပိုင်းက ကျင်းပခဲ့တဲ့ Miss Grand International 2023 ရဲ့ Grand ဖိုင်နယ်ပွဲမှာ မြန်မာကိုယ်စားပြုအလှမယ် နီနီလင်းအိမ်ဟာ 1st Runner Up ဆု၊ Popular Vote ဆုနဲ့ Country's Power ဆု ရရှိခဲ့ပါတယ်။

ဖိုင်နယ်ပွဲကို ဗီယက်နမ်စံတော်ချိန် ညနေ ၅ နာရီခွဲကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး Country's Power of the year ဆုမှာ မြန်မာနဲ့ ဗီယက်နမ်တို့က အလှမယ်တွေကို အင်စတာဂရမ်မှာ မဲအများဆုံးစနစ်နဲ့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါဆုကို အောက်တိုဘာ ၂၅ ရက် ည‌နေ ၅ နာရီအထိ ‌မဲပေးလို့ရခဲ့တာဖြစ်ပြီး မြန်မာအလှမယ် နီနီလင်းအိမ်က မဲပေါင်း ၂ သန်း ၃ သိန်းကျော်၊ ဗီယက်နမ်အလှမယ်က မဲပေါင်း ၂ သန်း ၁ သိန်းကျော်နဲ့သာ ရရှိခဲ့တာကြောင့် Country's Power of the year 2023 ဆုကို မြန်မာအလှမယ် ရရှိခဲ့တာ ဖြစ်ပါတယ်။

၁ မဲကို ၁ ဒေါ်လာပေးချေရတဲ့ Popular Vote ဆုမှာ မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ ပါရာဂွေးတို့က နိုင်ငံတကာအလှမယ် ၅ ဦးအထိ ပါဝင်ခဲ့ပြီး မြန်မာအလှမယ် နီနီလင်းအိမ်က ၃၄ ရာခိုင်နှုန်းအထိ ရရှိခဲ့တာကြောင့် Miss Popular Vote ဆုကိုပါ ထပ်မံရရှိခဲ့တယ်။

Popular Vote ဆုရရှိသွားတာကြောင့် Top 10 အဆင့်ထိ တက်ရောက်ခွင့်ရသွားပြီး Top 5 ကို ဆက်လက်ရွေးချယ်ခဲ့ရမှာ မြန်မာ၊ ကိုလံဘီယာ၊ ပီရူး၊ အမေရိကန်၊ ဗီယက်နမ် စတဲ့နိုင်ငံတွေက အလှမယ်တွေ ရွေးချယ်ခံခဲ့ရပါတယ်။

Top 5 ကို ဆက်လက်ရွေးချယ်ခဲ့ရာမှာ အိမ်ရှင်ဗီယက်နမ်အလှမယ်က 4th Runner Up Miss Grand International 2023 ဆု၊ အမေရိကန်အလှမယ်က 3rd Runner Up Miss Grand International 2023 ဆု၊ ကိုလံဘီယာ အလှမယ်က 2nd Runner Up Miss Grand International 2023 ဆု ရရှိခဲ့ပါတယ်။

Miss Grand International 2023 ဆုရဲ့ သရဖူကို ပီရူးနိုင်ငံအလှမယ် LUCINA FUSTER က ရရှိသွားပြီး မြန်မာအလှမယ် နီနီလင်းအိမ်က 1st Runner Up Miss Grand International 2023 ကိုသာ ရရှိခဲ့ပါတယ်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှာ ဆက်လက်ကျင်းပမယ့် ၁၂ ကြိမ်မြောက် Miss Grand International 2024 ပွဲကို မြန်မာနိုင်ငံမှာ ကျင်းပသွားဖို့ ရွေးချယ်ခံရပြီး Miss Grand ပွဲကို National Director ဖြစ်သူ ဦးထူးအံ့လွင်က တာဝန်ယူကျင်းပရမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo - Grand TV၊ MIG အင်စတာဂရမ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013