
လျှပ်စစ်ဓာတ်အားထုတ်ဖို့ အလွန်လိုအပ်နေတဲ့ လောင်စာဆီတွေ ကျူးဘားနိုင်ငံဆီ တင်ပို့မှုတွေကို ဗင်နီဇွဲလားနဲ့ မက္ကဆီကို အပါအဝင် အစဉ်အလာအရ ထောက်ပံ့သူတွေက လျှော့ချလိုက်လို့ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေပြီး တိုးတက်မှုလက္ခဏာ မပြဘူးဆိုတာ ရိုက်တာသတင်းဌာနက မြင်တွေ့ခဲ့ရတဲ့ သင်္ဘောစောင့်ကြည့်ရေး အချက်အလက်တွေက ပြသနေပါတယ်။
ကွန်မြူနစ်အုပ်ချုပ်တဲ့ ကျွန်းနိုင်ငံ ကျူးဘားမှာ လျှပ်စစ်ဓာတ်အားထုတ်ဖို့ လောင်စာဆီနဲ့ ဒီဇယ်၊ သယ်ယူပို့ဆောင်ရေးအတွက် ဂျက်လေယာဉ်လောင်စာနဲ့ ဓာတ်ဆီအထိ အပါအဝင် လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ တင်သွင်းလာတဲ့ သန့်စင်ပြီးသား ထုတ်ကုန်တွေအပေါ် မှီခိုနေရတာပါ။
အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေနဲ့ နက်ရှိုင်းတဲ့ စီးပွားရေးအကျပ်အတည်းတို့ကြောင့် ကျူးဘားအစိုးရ အနေနဲ့ လောင်စာဆီ လုံလောက်အောင် မဝယ်နိုင်တော့ဘဲ မဟာမိတ်တွေအပေါ် နှစ်ပေါင်းများစွာ မှီခိုခဲ့ရပါတယ်။
ကျူးဘားရဲ့ အရေးအကြီးဆုံး နိုင်ငံရေးမဟာမိတ် ဗင်နီဇွဲလားကနေ ရေနံစိမ်းနဲ့ လောင်စာဆီ တင်သွင်းမှု ၁၅ ရာခိုင်နှုန်း ကျဆင်းပြီး တနေ့တင်သွင်းတဲ့ ရေနံစိမ်းစည် ၂၇,၀၀၀ လောက်သာ ရှိတော့တယ်လို့ အချက်အလက်တွေက ပြသနေပါတယ်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးဟာ လောင်စာဆီအထောက်အပံ့ လျှော့ချမှုကြောင့် အထူးထိခိုက်ခဲ့ရပါတယ်။
စုစုပေါင်းအားဖြင့် ကျူးဘားရဲ့ ရေနံစိမ်း၊ လက်ကျန်လောင်စာနဲ့ ဓာတ်ငွေ့ရည် တင်သွင်းမှုဟာ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် အခုနှစ်မှာ တရက်ကို ရေနံစည် ၄၃,၃၀၀ သာ တင်သွင်းခဲ့လို့ ၃၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
ကျူးဘားအစိုးရက လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပိုဆိုးလာရတဲ့ အကြောင်းရင်းအဖြစ် လောင်စာဆီပြတ်လပ်မှု၊ အခြေခံအဆောက်အအုံတွေ ယိုယွင်းပျက်စီးမှုနဲ့ မကြာသေးမီက ဟာရီကိန်း မယ်လီဆာကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို ကိုးကားဖော်ပြခဲ့ပါတယ်။
နေ့စဉ်လိုအပ်ချက်ရဲ့ လေးပုံတပုံကျော်ဖြစ်တဲ့ လျှပ်စစ်ဓာတ်အား ၈၀၀ မဂ္ဂါဝပ်နီးပါးဟာ လောင်စာနဲ့ ရေနံအခြေခံချောဆီတွေ ပြတ်လပ်မှုကြောင့် လက်ရှိမှာ ရပ်ဆိုင်းထားရတယ်လို့ နိုင်ငံရဲ့ လျှပ်စစ်သမဂ္ဂက အခုသီတင်းပတ်မှာ ပြောခဲ့ပါတယ်။
Source: Reuters


