
ရုရှားထောက်လှမ်းရေးသင်္ဘော ယန်တာ သာ ခြိမ်းခြောက်မှုတရပ် ဖြစ်လာမယ်ဆိုရင် စစ်ရေးနည်းလမ်းတွေနဲ့ တုံ့ပြန်ဖို့ အသင့်ရှိတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟေလီက နိုဝင်ဘာ ၁၉ ရက်မှာ သတိပေးလိုက်ပါတယ်။
စကော့တလန်မြောက်ပိုင်းက ဗြိတိန်ရေပိုက်နက်အစွန်းကို ရောက်လာတဲ့ ဒီသင်္ဘောကို စောင့်ကြည့်ဖို့သွားတဲ့ တော်ဝင်လေတပ် (RAF) လေယာဉ်မှူးတွေကို သင်္ဘောပေါ်ကနေ လေဆာနဲ့ လှမ်းထိုးခဲ့တာ ဖြစ်ပါတယ်။
ဝန်ကြီး ဟေလီကတော့ ရုရှားသမ္မတပူတင်ကို “ခင်ဗျားတို့ ဘာလုပ်နေလဲဆိုတာ ကျနော်တို့ သိတယ်၊ မြင်နေရတယ်” လို့ ပြောကြားခဲ့ပြီး သင်္ဘောအနေနဲ့ လမ်းကြောင်းပြောင်းပြီး တောင်ဘက်ကို ဆင်းလာမယ်ဆိုရင် စစ်ရေးအရ အရေးယူဖို့ အသင့်ပဲလို့ ပြောပါတယ်။
ရုရှားသင်္ဘောတွေ ဗြိတိန်ပိုင်နက်အနီး ရောက်လာချိန်မှာ ပိုပြီးတော့ နီးနီးကပ်ကပ် စောင့်ကြည့်နိုင်ဖို့အတွက် ရေတပ်ရဲ့ ထိတွေ့တိုက်ခိုက်မှုဆိုင်ရာစည်းမျဉ်း (Rules of Engagement) တွေကို ပြောင်းလဲသတ်မှတ်ခဲ့တယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။
ဒီသင်္ဘောဟာ ရေအောက်ကေဘယ်လ်ကြိုးတွေကို ဖျက်ဆီးဖို့နဲ့ ထောက်လှမ်းရေးအချက်အလက် ရယူဖို့ တည်ဆောက်ထားတာ ဖြစ်တယ်လို့ ဗြိတိန်ဘက်က ယူဆထားတာပါ။
လန်ဒန်အခြေစိုက် ရုရှားသံရုံးကတော့ သူတို့နိုင်ငံရဲ့ လုပ်ရပ်တွေဟာ ဗြိတိန်ရဲ့ လုံခြုံရေးကို ထိပါးစေလိုတဲ့ ရည်ရွယ်ချက် မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။
၂၀၂၂ ခုနှစ် ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက်ပိုင်း အခုလိုမျိုး ရုရှားရေယာဉ်တွေနဲ့ ရေငုပ်သင်္ဘောတွေရဲ့ လှုပ်ရှားမှုကို ဗြိတိန်တပ်ဖွဲ့တွေက ဦးစားပေး စောင့်ကြည့်နေတာလည်း ဖြစ်ပါတယ်။
Source: Reuters


