
ဗြိတိန်နိုင်ငံမှာ BYD ကားကုမ္ပဏီရဲ့ ရောင်းအားဟာ ၉ ဆနီးပါး တက်လာခဲ့ပြီးနောက် တရုတ်ပြည်ပြင်ပ အကြီးဆုံးဈေးကွက် ဖြစ်လာခဲ့ကြောင်း အတည်ပြုပါတယ်။
ဒါဟာ တရုတ်လျှပ်စစ်ကား ထုတ်လုပ်ရေးလုပ်ငန်း BYD ရဲ့ စက်တင်ဘာလ ရောင်းအားက ပြီးခဲ့တဲ့နှစ် ကာလတူထက် ၈၈၀ ရာခိုင်နှုန်းကို မြင့်တက်ခဲ့တာကြောင့် ဖြစ်ပါတယ်။
လွန်ခဲ့တဲ့လအတွင်း ဗြိတိန်နိုင်ငံမှာ BYD ကားအစီးရေ ၁၁,၂၇၁ စင်း ရောင်းချခဲ့ရပြီး အများစုဟာ ဓာတ်ဆီနဲ့ရော လျှပ်စစ်အားနဲ့ပါ မောင်းနှင်နိုင်တဲ့ Plug-in Hybrid အမျိုးအစား Seal U မော်ဒယ်တွေ ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံဆိုင်ရာ ကားလုပ်ငန်းအဖွဲ့ချုပ် SMMT ကတော့ BYD အပါအဝင် EV လျှပ်စစ်ကားတွေရဲ့ ရောင်းအားကို စံချိန်တင် မြင့်တက်လာခဲ့ကြောင်း ဖော်ပြထားပါတယ်။
SMMT ရဲ့ ထုတ်ပြန်ချက်အရ သီးသန့် ဘက်ထရီနဲ့ မောင်းနှင်နိုင်တဲ့ လျှပ်စစ်ကားရောင်းချရမှု အရေအတွက်ဟာ စက်တင်ဘာလထဲမှာ အစင်းရေ ၇၃,၀၀၀ နီးပါးအထိ ရှိခဲ့ပါတယ်။
ဥရောပသမဂ္ဂနဲ့ အမေရိကန်လိုမျိုး ဗြိတိန်နိုင်ငံဟာ တရုတ်လျှပ်စစ်ကားတွေအပေါ် အခွန်စည်းကြပ်မှု မရှိတဲ့အလျောက် အဓိကကျတဲ့ စျေးကွက်ကြီးတခု ဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင် BYD က အနောက်နိုင်ငံထုတ် ပြိုင်ဘက်ကားတွေထက် ဈေးသက်သာတာကြောင့် ဗြိတိန်ဈေးကွက်ဝေစုအရ ၃ ဒသမ ၆ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသလို အရောင်းပြခန်း ၁၀၀ မြောက်ကိုလည်း ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။
လာမယ့်လတွေမှာ နှစ်မျိုးစပ်-Hybrid နဲ့ လျှပ်စစ်သီးသန့်သုံး ကားမော်ဒယ်အသစ်တွေကို ထပ်ပြီးမိတ်ဆက်သွားမယ်လို့ BYD ရဲ့ ဌာနေမန်နေဂျာ Bono Ge က မှတ်ချက်ပြုပါတယ်။
၂၀၂၄ အောက်တိုဘာလမှာတော့ တရုတ်ပြည်ကနေ တင်သွင်းလာတဲ့ လျှပ်စစ်ကားတွေကို ၄၅ ရာခိုင်နှုန်းအထိ အခွန်စည်းကြပ်မယ်ဆိုပြီး ဥရောပသမဂ္ဂ (EU) အနေနဲ့ ကြေညာခဲ့ပါတယ်။
ဒါဟာ တရုတ်ကားကုမ္ပဏီတွေက အစိုးရထောက်ပံ့ကြေးများစွာကို ရရှိနေတဲ့အလျောက် Eu အနေနဲ့ မမျှတဘူးဆိုပြီး ယူဆတဲ့အတွက် ဥရောပကားထုတ်လုပ်သူတွေအပေါ် အကာအကွယ်ပေးနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာပါ။
Source: Reuters


